မျိုးဆက်သစ် တာဝေးပစ်ပဲ့ထိန်းဒုံးကျည်သစ်များ အီရန်စမ်းသပ်ပစ်လွှတ်

မျိုးဆက်သစ် တာဝေးပစ်ပဲ့ထိန်းဒုံးကျည်သစ်များ အီရန်စမ်းသပ်ပစ်လွှတ်

 အောက်တိုဘာ ၁၂ ။               ။ တိကျစွာလမ်းညွှန်နိုင်သော တာဝေးပစ်ဒုံးကျည်သစ်တစ်မျိုးကို အီရန်က အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ပြီဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက အောက်တိုဘာ ၁၁ တွင် အစီရင်ခံသည်။

Emad (Pillar) ခေါ် မြေပြင်မှ မြေပြင်ပစ် ယင်းဒုံးကျည်ကို အီရန်ကျွမ်းကျင်သူများက ဒီဇိုင်းထုတ် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အီရန်၏ ပထမဆုံးတာဝေးပစ် ဒုံးကျည်လည်းဖြစ်သည်။

၎င်းဒုံးကျည်သည် ပစ်မှတ်ကို မရောက်မချင်း တိကျစွာလမ်းညွှန်နိုင်သည်ဟုလည်း အီရန်ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် ဟော့ဆိန်းဒေကန်က ပြောသည်။ "ကျွန်တော်တို့ရဲ့ကာကွယ်ရေးအစီအစဉ်ကို အကောင်အထည်ဖော်ရာမှာ ဘယ်သူ့ဆီကမှ ခွင့်ပြုချက်မတောင်းပါဘူး"ဟု ၎င်းကပြောကြားချက်ကို နိုင်ငံပိုင် IRNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ဒုံးကျည်သစ်က ပစ်မှတ်ကို စီစစ်ကာ လုံးဝဖျက်ဆီးနိုင်သည်ဟုလည်း သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ Emad သည် ၎င်း၏ရန်သူ အစ္စရေးထိရောက်အောင် ပစ်ခတ်နိုင်သည့် အီရန်၏ ပထမဆုံးပဲ့ထိန်းဒုံးကျည်ဖြစ်သည်။.

အစ္စရေးသည် အီရန်၏ နျူကလီးယားအစီအစဉ်ကို ခါးသီးစွာဆန့်ကျင်လျက်ရှိပြီး အစ္စရေးသည် အီရန်၏နျူကလီးယားစက်ရုံများကို ကြိုတင်လက်ဦးမှုယူကာ တိုက်ခိုက်နိုင်သည်ဟု လေ့လာသူများက ခန့်မှန်းထားသည်။

Emad ဒုံးကျည်သည် အီရန်၏ မဟာဗျူဟာမြောက်ကာကွယ်ရေးစွမ်းရည်ကို ကြီးမားစွာမြင့်တင်မည်ဖြစ်ကြောင်းလည်း အီရန်ကာကွယ်ရေးဝန်ကြီးက ပြောသည်။ အရည်လောင်စာတွန်းကန်အားသုံး ၎င်းဒုံးကျည်သည် ကီလိုမီတာ ၁၇၀၀(၁၀၅၆ မိုင်) အကွာအဝေးအထိ ပစ်ခတ်နိုင်ပြီး ပစ်မှတ်၏ မီတာ ၅၀၀အတွင်းသို့ မှန်အောင်ပစ်ခတ်နိုင်သည်ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly