ဝိတ်ကျချင်လား၊ အစာကို ဖြည်းဖြည်းပဲစားပါ

ဝိတ်ကျချင်လား၊ အစာကို ဖြည်းဖြည်းပဲစားပါ

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အစာစားရင် ဖြည်းဖြည်းစား၊ သေချာကျေညက်အောင် ဝါးစားဆိုပြီး လူကြီးတွေ ငယ်ငယ်က ပြောဖူးတာ မှတ်မိကြမယ်ထင်ပါတယ်။ တကယ်တော့ အစာကို ဖြည်းဖြည်းနဲ့ မှန်မှန်စားပေးတာက ကျွန်တော်တို့အတွက် အစာခြေဖို့ ကူညီပေးနိုင်တဲ့အပြင်ကိုမှ ကိုယ်အလေးချိန်ကိုလည်း ကျစေနိုင်ပါတယ်။ ဒါပေမယ့်လည်း လူတွေက အစာစားရင် အလုပ်မအားတာနဲ့၊ အမြန်ပြီးချင်ဇောနဲ့ လောကြီးပြီး စားတတ်ကြတယ်နော်။

ဒီနေ့ဆောင်းပါးမှာ အစာကိုဖြည်းဖြည်း စားမလား၊ မြန်မြန်စားမလား ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်လဲဆိုတာ ပြောပြပေးမယ်နော်။
အစာဖြည်းဖြည်းစားတဲ့အခါ ဘာကောင်းကျိုးရှိလဲ

  •     အစာကို ကျေညက်အောင် ဝါးစားတဲ့အခါ ဗိုက်ကိုပိုပြည့်စေပြီး ထပ်ကာတလဲလဲ အစာစားချင်စိတ်ကို ထိန်းချုပ်ပေးတယ်။
  •     အစားအစာကိုလည်း အလွန်အကျွံမဟုတ်ဘဲ လိုအပ်သလောက် ပမာဏကိုသာ ထိန်းပြီး စားတတ်လာတယ်။
  •     အစားလျှော့စားတဲ့အခါ ကယ်လိုရီစားသုံးမှု ပမာဏ လျော့နည်းသွားတယ်။
  •     ခန္ဓာကိုယ်တွင်း အဆီပမာဏ မြင့်တက်လာမှုကို လျှော့ချပေးတယ်။
  •     ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးနိုင်သလို အဝလွန်ခြင်းမဖြစ်စေဖို့ ကာကွယ်ပေးတယ်။
  •     အစာကို သေချာဝါးစားပြီးမှ မြိုချတဲ့အခါ အစာချေဖျက်ရတာလည်း ပိုလွယ်ကူသွားတယ်။
  •     ဝမ်းချုပ်တာကို ကာကွယ်ပေးနိုင်တယ်။
  •     အစာစားပြီးတဲ့အခါ ပြီးပြည့်စုံမှု၊ စိတ်ကျေနပ်မှုကို ရစေတယ်။
  •     အစာခြေစနစ် ကောင်းစွာအလုပ်လုပ်တာကြောင့် ကိုယ်စားလိုက်တဲ့အစားအစာကနေ အာဟာရဓာတ်တွေကို ပိုပြီးစုပ်ယူမှုအားကောင်းသွားတယ်။

အစာမြန်မြန်စားရင်ရော ဘာဆိုးကျိုးတွေရှိနိုင်လဲ၊ ကောင်းကျိုးရောရှိလား။

အစာကို သေချာကျေညက်အောင် မဝါးဘဲ မြိုချလိုက်တဲ့အကျင့်က ရေရှည်မှာ ကိုယ့်ရဲ့ ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် ဗိုက်ပြည့်သွားတဲ့ ခံစားချက်ကို ဦးနှောက်ကမသိရှိတော့တာကြောင့် လိုတာထက် ပိုပြီး ဗိုက်ထဲကို ဖြည့်မိသွားရော။ အဲ့အခါကျ ဗိုက်ပြည့်တာမဟုတ်ဘဲ တင်းကားပြီးတော့ နေလို့ထိုင်လို့မကောင်းတော့သလို ဗိုက်ထဲအစာတွေပြည့်ပြီး လေးလံထိုင်းမှိုင်းလာတော့တာပါပဲ။ နောက်တစ်ခုက အစာတွေအများကြီးစားလိုက်တဲ့အခါ စားထားသမျှ အစားအစာတိုင်းကို အစာအိမ်က ချေဖျက်ဖို့ အချိန်ပိုပေးရသလို အာဟာရဓာတ်တွေလည်း အရင်ကလောက် ကောင်းကောင်းမစုပ်ယူနိုင်တော့ပါဘူး။ အဲ့တော့ ဘာဖြစ်မလဲဆိုရင် ကျန်းမာရေးထိခိုက်လာမယ်၊ ဝမ်းချုပ်လာမယ်၊ အဆီတွေများပြီး လူကဝလာမယ်၊ နောက်ဆက်တွဲအနေနဲ့လည်း ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်းအဆီဖုံးတာ၊ အစာအိမ်နဲ့ဆိုင်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
အစာကိုဖြည်းဖြည်းချင်း စားတတ်အောင် ဘယ်လိုလေ့ကျင့်မလဲ။

၁။ ဗိုက်အရမ်းကြီးဆာမှ ထမင်းထစားတဲ့ အကျင့်ကို အရင်ဖျောက်ပါ။

၂။ အစာစားတော့မယ်ဆိုရင် အလုပ်ကိစ္စ၊ ကျောင်းကိစ္စ၊ စိတ်ညစ်စရာတွေ၊ ရုပ်ရှင်ကြည့်စရာတွေ အားလုံးကို မေ့ထားလိုက်ပါ။

၃။ ကိုယ်စားနေတဲ့ အစားအစာကို အာရုံစိုက်ပြီးစားပါ။ ဖြည်းဖြည်းချင်း ဝါးစားပါ။

၄။ မလောပါနဲ့။

၅။ ရေကိုလည်း တစ်ငုံစီလောက်ဖြစ်ဖြစ် သောက်ပေးပါ။

၆။ အစာစားနေရင်း တီဗီကြည့်တာ၊ ဖုန်းသုံးတာ လုံးဝမလုပ်ပါနဲ့။

၇။ စိတ်ရှည်ပါ။ လုပ်စရာအလုပ်တွေရှိနေရင်လည်း ထမင်းကို အေးဆေးစားပြီး ဗိုက်ပြည့်သွားပြီဆိုမှ ဆက်လုပ်ပါ။

၈။ အစာကြေလွယ်စေတဲ့ ဟင်းသီးဟင်းရွက်တွေကို မပါမဖြစ် ထည့်စားပါ။

ကဲ ဒါဆိုရင် အစာစားတိုင်း လောပြီးစားတတ်တဲ့အကျင့်ရှိသူတွေ ဒီဆောင်းပါးကို သေချာဖတ်ပြီး အစာကိုပုံမှန်အတိုင်း ဖြည်းဖြည်းချင်းစားတတ်ဖို့ ခုကတည်းက အလေ့အကျင့်လုပ်ထားလိုက်ကြရအောင်နော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly