ခွင့်လွှတ်တတ်ပါစေ

ခွင့်လွှတ်တတ်ပါစေ

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

လူတစ်ဦးဦးကို စိတ်ဆိုးဒေါသထွက်တဲ့အခါ ဘာလုပ်တတ်လဲ။ အော်ဟစ်ပေါက်ကွဲတတ်လား။ တနုံ့နုံ့နဲ့ ဒေါသထွက်နေတတ်လား။ တစ်ယောက်တည်းကြိတ်ပြီး စိတ်မကောင်းဖြစ်တတ်လား။ ဒီအဆင့်တွေကိုကျော်လွန်ပြီးရင်ကော ဘာလုပ်တတ်လား။ ခွင့်လွှတ်ပေးလိုက်လား၊ ခွင့်မလွှတ်ဘဲ အမြဲလိုလိုပိုက်ထားတတ်တာလား။ ဒါဆိုရင်တော့ အကောင်းဆုံးဖြစ်စေမယ့် နည်းလမ်းတစ်ခုပြောပြပါ့မယ်။ ဒါကတော့ ကိုယ့်အပေါ်အမှားလုပ်ထားတဲ့သူကို ခွင့်လွှတ်ပေးလိုက်ပါ။
ခွင့်လွှတ်တာက နည်းလမ်းကောင်းလား………

ပြဿနာတိုင်းကို ခွင့်လွှတ်နိုင်ဖို့က ခက်ခဲမယ်ဆိုတာအမှန်ပါ။ ဒါပေမယ့် ခွင့်လွှတ်မှုက ကိုယ့်အပေါ်အမှားကျူးလွန်တဲ့သူအတွက် ကိုယ့်ဘက်ကပေးဆပ်မှုမဟုတ်ပါဘူး။ ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာစေဖို့အတွက်လုပ်ဆောင်လိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုပါ။ ဒီနေရာမှာ သိထားဖို့လိုမယ်အချက်တစ်ခုက ခွင့်လွှတ်ပေးတယ်ဆိုတာက သူ့ကို နောက်ထပ်နာကျင်အောင်လုပ်ဆောင်ခွင့်ပြုလိုက်တာမဟုတ်ဘဲ ကိုယ့်ရဲ့ စိတ်ထဲက ဝန်ထုပ်ဝန်ပိုးကို လျှော့ချလိုက်တာပါ။ ခွင့်လွှတ်ပေးမှုရဲ့ နောက်မှာ အရင်ကအတိုင်းဆက်ဆံခွင့်ပြုတယ်ဆိုတဲ့ ခွင့်ပြုချက်ပါမလာတာကို သူသိအောင်တော့ လုပ်ဆောင်ရမှာပေါ့။ ခွင့်လွှတ်ပေးမှုကို စိတ်ဓာတ်ခွန်အားကောင်းသူတွေပဲ လုပ်ဆောင်နိုင်ကြတာပါနော်။ တကယ်တော့ ခွင့်လွှတ်မှုက ရုပ်ပိုင်းဆိုင်ရာအတွက်ရော စိတ်ပိုင်းဆိုင်ရာအတွက်ပါ အမှန်တကယ်ကောင်းကျိုးရှိပါတယ်။
ခွင့်လွှတ်ပေးမှုကနေရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေများလဲ……

လူတစ်ယောက်ကို ခွင့်လွှတ်ပေးလိုက်တဲ့အခါ  အခုလိုကောင်းကျိုးတွေရရှိလာနိုင်ပါတယ်။

ကိုယ်ခံအားကောင်းလာမယ်

ခွင့်လွှတ်ပေးမှုက ခန္ဓာကိုယ်ထဲမှာ ပဋိဇီဝပစ္စည်းတွေထွက်ရှိမှုကို တိုးမြှင့်ပေးနိုင်တာကြောင့် ကိုယ်ခံအားစနစ်ကို သိသိသာသာကောင်းမွန်စေနိုင်ပါတယ်။ ခွင့်လွှတ်ပေးမှုက ခန္ဓာကိုယ်ထဲမှာ အက်ဒရီနယ်လင်ဟော်မုန်းနဲ့ ကော်တီစောဟော်မုန်းတွေထွက်ရှိမှုကို လျှော့ချပေးနိုင်တာကြောင့် ခန္ဓာကိုယ်ထဲက ဆဲလ်တွေထိခိုက်နိုင်ခြေကို သိသိသာသာလျော့ကျစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ခံအားကောင်းချင်တယ်ဆိုရင်တော့ ခွင့်လွှတ်ပေးတတ်ဖို့ သတိရပါ။

ဆက်ဆံရေးပိုကောင်းစေနိုင်တယ်

ခွင့်လွှတ်ပေးမှုက ပိုပျော်ရွှင်စေနိုင်သလို ပေါင်းသင်းဆက်ဆံရေးလည်း ပိုကောင်းစေနိုင်ပါတယ်။ ဒေါသတကြီးနဲ့တုံ့ပြန်မှုက ရုပ်ပိုင်းဆိုင်ရာကိုရော စိတ်ပိုင်းဆိုင်ရာကို ပါထိခိုက်စေနိုင်တယ်ဆိုပေမယ့် ခွင့်လွှတ်ပေးမှုကတော့ တစ်ဦးနဲ့တစ်ဦးကြားမှာ နားလည်မှုတိုးစေပြီး ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးကို ဖန်တီးနိုင်မှာပါ။
အိပ်ပျော်စေတယ်

အိပ်စက်မှုတိုင်းမှာ ပြည့်ဝကောင်းမွန်တဲ့ အိပ်စက်မှုဖြစ်ချင်ရင်တော့ ခွင့်လွှတ်ပေးစရာရှိတာတွေကို ခွင့်လွှတ်ပေးလိုက်ပါ။ အခြားသူတွေကို ဒေါသထွက်တဲ့ အတွေးတွေက အိပ်စက်ချိန်အထိပါ လိုက်နှောင့်ယှက်နေမှုက ပြည့်ဝတဲ့ အိပ်စက်ချိန်ရရှိစေဖို့ အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒေါသတွေထွက်ပြီး အိပ်ရေးပျက်တာကြောင့် ကျန်းမာရေးထိခိုက်မှုကင်းစေဖို့ ခွင့်လွှတ်တတ်တဲ့ အလေ့အထကိုမွေးမြူပေးပါ။ ခွင့်လွှတ်ပေးမှုက စိတ်သက်သာရာရစေပြီး နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာ ကျန်းမာစေနိုင်တယ်

လေ့လာမှုတွေအရ ခွင့်လွှတ်ပေးတတ်သူတွေက တက်တက်ကြွကြွရှိပြီး ရုပ်ပိုင်းဆိုင်ရာ ပိုကျန်းမာကြပါတယ်။ ခွင့်လွှတ်ပေးတတ်သူတွေက စိတ်ပိုင်းဆိုင်ရာ နာကျင်မှုနည်းကြပြီး ပြည့်ဝစွာအိပ်စက်မှုရှိကြသလို ရုပ်ပိုင်းဆိုင်ရာအရလည်း ကျန်းမာကြပါတယ်။ အသေးစားဖျားနာမှုအပါအဝင် နာတာရှည်ရောဂါခံစားရမှုလည်း နည်းကြပါတယ်။

နှလုံးကျန်းမာစေတယ်

ခွင့်လွှတ်ပေးမှုက တနုံ့နုံ့တွေးနေတာကြောင့်ဖြစ်လာနိုင်တဲ့ သွေးတိုးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်သလို နှလုံးခုန်နှုန်းမှန်စေပြီး နှလုံးရောဂါလည်း ကင်းစေနိုင်ပါတယ်။ ခွင့်လွှတ်ပေးတတ်သူတွေက အောက်ဆီတိုစင်ဟော်မုန်းထွက်ရှိမှုများတာကြောင့် သွေးပေါင်ချိန်မှန်ကြသလို နှလုံးခုန်နှုန်းလည်း မှန်လို့ စိတ်ပျော်ရွှင်မှုကိုလည်း အပြည့်အဝခံစားကြရပါတယ်။ အဖိုးတန်တဲ့ နှလုံးလေးကျန်းမာချင်ရင် ခွင့်လွှတ်ပေးလိုက်ပါ။

ကိုယ့်ကိုကိုယ်ယုံကြည်မှုတိုးစေတယ်

ခွင့်လွှတ်ပေးတတ်သူတွေက အပေါ်မှာပြောခဲ့သလိုပဲ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူတွေပါ။ သူတစ်ပါးအပေါ်မှာ အမုန်းတရားမရှိသလို မနာလိုဝန်တိုစိတ်လည်း ကင်းကြသူတွေပီပီ အမြဲလိုလို တက်တက်ကြွကြွနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုပြည့်နေမယ်ဆိုတာ အသေအချာပါ။ အကောင်းမြင်စိတ်ရှိသလို ပြဿနာဖြေရှင်း နိုင်စွမ်းလည်း မြင့်မားကြသူတွေပေါ့။

သိမြင်မှုစွမ်းရည်ကောင်းစေတယ်

အတွေးရှင်းသူအဖို့ အလုပ်တိုင်းမှာ အာရုံစူးစိုက်မှုကောင်းသလို ဦးနှောက်ထဲမှာလည်း ဝန်ပိုမရှိတာကြောင့် ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းက အကောင်းဆုံး အနေအထားမှာရှိနေမှာပါ။ ဒါကြောင့် တွေးခေါ်မှုနဲ့ ကြောင်းကျိုးဆင်ခြင်နိုင်စွမ်းတွေကလည်း ပိုမိုကောင်းမွန်နေမှာ အသေအချာပါ။

ကဲ…..စိတ်ထဲမှာ ဝန်ပိုတွေကိုထမ်းမထားပါနဲ့။ ခွင့်လွှတ်စရာရှိတာကို ခွင့်လွှတ်ပြီး ပေါ့ပေါ့ပါးပါးရှေ့ဆက်လိုက်ရအောင်လား။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly