ရုရှားအရေး လွှတ်တော်ကြားနာမှုဟာ ဒီမိုကရက်တွေအတွက် ကပ်ဘေးဖြစ်ခဲ့ပြီလို့ ထရမ့် ပြော

ရုရှားအရေး လွှတ်တော်ကြားနာမှုဟာ ဒီမိုကရက်တွေအတွက် ကပ်ဘေးဖြစ်ခဲ့ပြီလို့ ထရမ့် ပြော

၀ါရှင်တန်၊ ဇူလိုင် ၂၅ ။                   ။ အမေရိကန် ရွေးကောက်ပွဲမှာ ရုရှားက ဝင်ရောက်စွက်ဖက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ အထူးစုံစမ်းစစ်ဆေးရေး ရောဘတ်မူလာကို လွှတ်တော်မှာ ကြားနာမှုဟာ ဒီမိုကရက်တွေအတွက် ကပ်ဘေးတစ်ခု ဖြစ်ခဲ့ရပြီလို့ သမ္မတ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

“ရီပတ်ဘရီကန်အတွက် တကယ့် ရက်ကောင်းရက်မြတ် ဖြစ်ခဲ့ရတာပဲပေါ့။”လို့ အနောက်ဗာဂျင်းနီးယားက နိုင်ငံရေးလူစုဝေးပွဲတစ်ရပ်သို့ မသွားရောက်ခင် အိမ်ဖြူတော် မြက်ခင်းပြင်မှာ ထရမ့်က သတင်းထောက်တွေကို ပြောပါတယ်။

၂၀၁၆ ရွေးကောက်ပွဲမှာ ရုရှားက ဒေါ်နယ်ထရမ့် အနိုင်ရအောင် ဝင်ရောက်စွက်ဖက်ခဲ့သလားဆိုတာနဲ့ ပတ်သက်ပြီး ရောဘတ်မူလာဦးဆောင်တဲ့ အဖွဲ့ နှစ်နှစ်ကြာ စုံစမ်းစစ်ဆေးခဲ့တာဖြစ်ပြီး အခုအချိန်မှာ ကွန်ဂရက်ရှေ့ ကြားနာခံတာပါ။

ရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့်တဲ့ ခုနစ်နာရီကြာမြင့်တဲ့ အဲဒီ ကြားနာမှုမှာ ရောဘတ်မူလာက ရွေးကောက်ပွဲမှာ ထရမ့်ရဲ့ မဲဆွယ်အဖွဲ့နဲ့ ရုရှားတို့  ပူးပေါင်းဆောင်ရွက်မှု ရှိမရှိအပေါ် သူ့ရဲ့ စုံစမ်းစစ်ဆေးမှုအရ ရာဇဝတ်မှုမြောက်အောင် သက်သေမတည်ဆောက််နိုင်ကြောင်း မူလာက ထွက်ဆိုတာ ဖြစ်ပါတယ်။

သမ္မတ ထရမ့်ကတော့ ရောဘတ်မူလာရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး ထပ်မံထိုးနှက်တိုက်ခိုက်ကာ ဒီစုံစမ်းစစ်ဆေးမှုဟာ မလိုသူကို ဖယ်ရှားဖို့ လုပ်ဆောင်နေတာပဲ ဖြစ်တယ်လို့လည်း ပြောပါတယ်။

“ဒီ စုံစမ်းစစ်ဆေးမှု တစ်ရပ်လုံးက ရှက်ဖွယ်ရာဖြစ်ပြီး နိုင်ငံဟာ အကြောင်းမဲ့ အချိန်ဖြုန်းခဲ့တာပဲ ဖြစ်တယ်။ ခုတော့ ဒါဟာ ဒီမိုကရက်တွေအတွက် ကပ်ဘေးဖြစ်ခဲ့ပြီ။ ကျွန်တော်တို့ ရီပတ်ဘရီကန််တွေအတွက် တကယ့် နေ့ကောင်းရက်သာပါပဲ။”လို့ ထရမ့်က ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly