ရင်းနှီးမြှပ်နှံသူများအတွက် မြေဧက ထောင်နှင့်ချီထုတ်ရောင်းမည်ဟု ဦးဖြိုးမင်းသိန်းပြော

ရင်းနှီးမြှပ်နှံသူများအတွက် မြေဧက ထောင်နှင့်ချီထုတ်ရောင်းမည်ဟု ဦးဖြိုးမင်းသိန်းပြော

ဇူလိုင်လ ၂၄ ။          ။ ရင်းနှီးမြှပ်နှံသူများကို  မြေဧကထောင်နှင့်ချီ ထုတ်ရောင်းမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ဇူလိုင် ၂၄ ရက်နေ့က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှပ်နှံမှုကော်မတီ အစည်းအဝေးတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ဆီမှာက လာရောက်ရင်းနှီးမြှပ်နှံသူတွေ ပိုမိုအဆင်ပြေချောမွေ့လွယ်ကူဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က မြေတွေကို ထုတ်ရောင်းဖို့ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဧကထောင်နဲ့ချီ ထုတ်ရောင်းပေးဖို့ ပြင်ဆင်နေပါတယ်”  ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မီဒီယာများကို ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှပ်နှံမှုကော်မတီအနေဖြင့် အလုပ်သမားကိစ္စရပ်၊ အလုပ်ကိုင်ကိစ္စရပ်များ နှင့် လာရောက်လုပ်ကိုင်ကြသည့် နိုင်ငံခြားသားအလုပ်သမားများအတွက် မြန်မာနိုင်ငံတွင် နေထိုင်ဆောင်ရွက်ရသည့် ကိစ္စရပ်များကို လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့်လူစွမ်းအားအရင်းမြစ်ဌာနတို့က ကူညီပံ့ပိုးလျက်ရှိကြောင်းသိရသည်။

“ လာရောက် ရင်းနှီးမြှပ်နှံသူတွေအတွက် အခွင့်အလမ်း ပေးနိုင်ဖို့ လိုပါတယ်။ သူတို့ ဒီမှာ လာရင်းနှီးမြှပ်နှံတဲ့နေရာမှာ မြေငှားရတာတွေ ၊ စက်ရုံငှားရမ်းခတွေက အင်မတန် စျေးကြီးတယ်ဆိုတဲ့ အခြေအနေကို ဖြေလျော့ပေးနိုင်ဖို့အတွက် အကောင်းဆုံးဆောင်ရွက်ပေးနိုင်ဖို့အတွက် ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ထပ်မံပြောသည်။

အဆိုပါ မြေရောင်းချခြင်းနှင့်ပတ်သက်ပြီး နေထိုင်ရေးအခက်အခဲဖြစ်သူများ နှင့် စီးပွားရေးရင်းနှီးမြှပ်နှံသူများ အတွက် ထည့်သွင်းစဉ်းစားသွားမည်ဟု တိုင်းဒေသကြီးအစိုးရထံမှ သိရသည်။

ယင်းကဲ့သို့ မြေများရောင်းချပြီးပါက ရောင်းချထားသည့် မြေယာများကိုစျေးကစားခြင်းကို အစိုးရက ခွင့်ပြုသွားမည် မဟုတ်ဘဲ ထိန်းချုပ်သွားမည်ဟု ဆိုသည်။

အစိုးရက ရောင်းချပေးမည့်မြေများတွင် ရင်းနှီးမြှပ်နှံသူများက  ၆ လအတွင်း စက်ရုံတည်ဆောက်ရေး လုပ်ငန်းများကို ချမှတ်ထားသည့် စည်းကမ်းများအတိုင်း လုပ်ဆောင်ရမည် ဖြစ်သည်။

 “ ရန်ကုန်ဟာ ရင်းနှီးမြှပ်နှံသူများအတွက် ကျွန်တော်တို့ဘက်က အကောင်းဆုံးအခွင့်အလမ်းတွေနဲ့ သူတို့ကို ဝန်ဆောင်မှုတွေ ပေးနိုင်မှသာလျင် သူတို့က ရန်ကုန်မှာ လာရောက်ရင်းနှီးမြှပ်နှံမှုကို ရွေးချယ်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရဲ့ မျှော်မှန်းချက်ဟာ ရန်ကုန်ဟာ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှပ်နှံမယ်ဆိုရင် အကောင်းဆုံးနေရာ တစ်ခုဖြစ်တဲ့အပြင် အာရှတိုက်မှာ ရွေးချယ်သင့်တဲ့နေရာတစ်ခု ဖြစ်လာဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly