မြောက်ဦးတွင် သေနတ်ဖြင့် အပစ်ခံရသည့် လူငယ် သေဆုံး

မြောက်ဦးတွင် သေနတ်ဖြင့် အပစ်ခံရသည့် လူငယ် သေဆုံး
Photo - EPA

ရန်ကုန် ၊ ဇူလိုင် ၂၄ ။        ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ တိမ်ညိုကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရခဲ့ရသည့် လူငယ် မောင်ဘိုသန်းထွန်းသည် ဇူလိုင် ၂၄ ရက်နေ့ နံနက်ပိုင်းက မြောက်ဦးဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဆိုသည်။

“ဆုံးသွားပါပြီ။ သူတို့ရွာကို ပြန်သယ်သွားတယ်။ မနက်ဖြန်(ဇူလိုင် ၂၅ရက်နေ့) သင်္ဂြိုဟ်မှာပေါ့” ဟု ဦးထွန်းသာစိန်က ဆိုသည်။

သေဆုံးသူ မောင်ဘိုသန်းထွန်းသည် ဇူလိုင်လ ၂၃ရက်နေ့တွင် ၄င်းတို့နေထိုင်ရာ မြောက်ဦးမြို့နယ် တောင်မြင့်ကျေးရွာမှ ပေါက်ပင်ကွင်းရွာသို့ လယ်လုပ်ရန် လှေဖြင့်သွားရောက်စဉ် တိမ်ညိုကျေးရွာအနီး၌ သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရခြင်းလည်း ဖြစ်သည်။

“ကာယကံရှင်မိသားစုပြောတာတော့ တိမ်ညိုရွာအနားမှာ စခန်းချနေတဲ့ ထောက်ပို့တပ်စခန်းကနေ ချောင်းထဲသွားနေတဲ့ သူတို့ စက်လှေကို လှမ်းပစ်တယ်လို့ပြောတယ်” ဟု မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က မဇ္စျိမသို့ ပြောသည်။

ထိုသို့ ပစ်ခတ်ခံရပြီးနောက် ဦးခေါင်းတွင် သေနတ်ဒဏ်ရာရရှိခဲ့သည့် မောင်ဘိုသန်းထွန်းအား ရပ်ရွာမှ တိမ်ညို ဆေးရုံသို့ ပထမပို့ဆောင်ခဲ့ပြီးနောက် မြောက်ဦးဆေးရုံသို့ ထပ်မံပို့ဆောင်ကုသခဲ့သည်။ သို့သော်လည်း ဒဏ်ရာပြင်းထန်သဖြင့် ဇူလိုင် ၂၄ ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေဆေးရုံသို့ ပို့ဆောင်ရန် ပြင်ဆင်နေချိန်တွင် သေဆုံးခဲ့ရခြင်းလည်းဖြစ်သည်။

 

ယင်းကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးထံသို့ မဇ္စျိမမှ ဖုန်းဖြင့် ဆက်သွယ် မေးမြန်း သော်လည်း လက်ခံဖြေဆိုခဲ့ခြင်းမရှိပေ။

 

ရက္ခိုင့်တပ် AA နှင့် တပ်မတော်အကြား တိုက်ပွဲများသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ လအတွင်းမှစတင်ကာ လက်ရှိအချိန်အထိ ဖြစ်ပွား နေဆဲဖြစ်သည်။ နှစ်ဖက်တပ်များ၏ ပစ်ခတ်မှုများကြောင့် အရပ်သားများ ကျည်ထိမှန်သေဆုံးမှုများလည်း မကြာခဏ ဆိုသလို ဖြစ်ပေါ်နေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required