H1N1 ရာသီတုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၇၁ ဦးအထိရှိလာ

H1N1 ရာသီတုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၇၁ ဦးအထိရှိလာ
Photo - EPA

ရန်ကုန်၊ ဇူလိုင်လ ၂၄ ။       ။ ၂၀၁၉ ခုနှစ်၊ဇန်နဝါရီလ ပထမအပတ်မှ ဇူလိုင်လ ၂၃ ရက်နေ့ အထိ စာရင်းများအရ H1N1ရာသီတုပ်ကွေး ရောဂါကြောင့် သေဆုံးသူ ၇၁ ဦးအထိ ရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇူလိုင်လ ၂၃ ရက်နေ့ ညပိုင်းက ကြေငြာခဲ့သည်။

H1N1 ရာသီတုပ်ကွေးကြောင့် ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ၃ ရက်အတွင်း ရန်ကုန်တိုင်းတွင် သေဆုံးသူ ၅၂ ဦးမှ ၅၆ ဦးအထိ မြန်မြန်ဆန်ဆန် တိုးမြင့်လာကြောင်း စာရင်းများအရ သိရသည်။

ထို့အပြင် တစ်နိုင်ငံလုံးအတိုင်းအတာအရ သေဆုံးသူအရေအတွက်မှာ ၇၁ ဦးအထိ မြင့်တက်လာကြောင်း ဇူလိုင်လ ၁၉ ရက်နေ့စာရင်းများအရ သေဆုံးသူအရေအတွက်မှာ ၆၃ ဦးသာရှိခဲ့သော်လည်း ဇူလိုင်လ ၂၃ရက် နေ့တွင် သေဆုံးသူ ၇၁ဦးအထိရှိလာကြောင့် ၅ရက်တာကာလအတွင်း သေဆုံးသူ ၈ ဦးအထိ ရှိလာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ၆ လ ကျော်အတွင်း ရာသီတုပ်ကွေး H1N1ရောဂါ သံသယရှိသော လူနာ ၈၅၄  ဦး ကို ဓာတ်ခွဲ စစ်ဆေးခဲ့ရာ H1N1 ရောဂါပိုးတွေရှိသူ ၃၆၇ ဦးရှိခဲ့ပြီး ယင်းအနက် မှာ ၇၁ ဦး သေဆုံးခဲ့ခြင်းလည်း ဖြစ်သည်။

သေဆုံးသူများစာရင်းအရ ရန်ကုန်တိုင်းဒေသကြီးမှာ ၅၆ဦးဖြင့် အများဆုံးဖြစ်နေပြီး ဧရာဝတီတိုင်းဒေသကြီးမှ ၅  ဦး ၊ မွန်ပြည်နယ် နှင့် ပဲခူးတိုင်းမှ ၃ ဦး ၊ စစ်ကိုင်းတိုင်းတွင် ၂ ဦး ၊ ကချင်ပြည်နယ် နှင့်မကွေးတိုင်းတို့တွင် ၁ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

ရာသီတုပ်ကွေး H1N1ကြောင့် ၂၀၁၇ ခုနှစ်တွင် သေဆုံးသူ ၃၈ ဦးသာရှိခဲ့သော်လည်း ယခုနှစ်တွင် ဇူလိုင်လ တတိယအပတ်အထိ သေဆုံးသူ ၇၁  ဦးအထိတိုးမြင့်လာခြင်းဖြစ်သည်။

ထိုသို့တိုးမြင့်လာသော လူသေဆုံးမှုများကြောင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ရောဂါတားဆီး ကာကွယ်ရေးလုပ်ငန်းများကို အရှိန်မြင့် လုပ်ဆောင်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly