လည်ပင်းပေါ်က မာကင်ရာတွေကြောင့် စိတ်ထဲမလုံသလို ဖြစ်နေပြီလား

လည်ပင်းပေါ်က မာကင်ရာတွေကြောင့် စိတ်ထဲမလုံသလို ဖြစ်နေပြီလား

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

မာကင်ရာနဲ့ ပတ်သက်ပြီး အရွယ်ရောက်ပြီးသူတိုင်း ကောင်းကောင်းသိထားကြမယ်ထင်ပါတယ်။ နမ်းနေတဲ့အချိန် အမှတ်တရအဖြစ်နဲ့ ကိုယ်ချစ်ရတဲ့သူရဲ့ အသားလေးကို ငုံပြီးခဲထားလိုက်တာ၊ ကြမ်းကြမ်းစုပ်ယူလိုက်တဲ့အခါမှာ အရေပြားပေါ်မှာကျန်ခဲ့တဲ့ အနီကွက်လေးကို မာကင်ရာလို့ ခေါ်ပါတယ်။ ကိုယ်ကတော့ ချစ်လို့လုပ်လိုက်တယ်ဆိုပေမယ့်လည်း လည်ပင်းလို၊ လက်လို လူမြင်တဲ့နေရာတွေမှာ မာကင်ရာအကွက်ကြီးနဲ့ကျ အပေးခံရတဲ့သူအနေနဲ့ စိတ်ထဲအနည်းငယ်တော့ ရှက်နေမိမှာပါ။ ပတ်ဝန်းကျင်အနေနဲ့လည်း အနည်းငယ် ဝေဖန်ချင်စရာ ဖြစ်တာပေါ့။ ဒီတော့ လူငယ်တော်တော်များများ သိချင်နေကြတဲ့ မာကင်ရာကို အမြန်ဆုံးပျောက်အောင်လုပ်လို့ရမယ့် နည်းလမ်းတွေကို ဒီဆောင်းပါးမှာ ပြောပြပေးလိုက်တယ်နော်။
၁။ ဇွန်းကို အအေးခံပြီး ကပ်ထားမယ်။

ဒါကတော့ အလွယ်ဆုံးနည်းလမ်းပေါ့။ ချစ်သူက ပူပူနွေးနွေး မာကင်ရာပေးပြီးသွားတဲ့အချိန် လုပ်ပေးရင် ပိုကောင်းပါတယ်။ နည်းလမ်းကတော့ ကိုယ်အိမ်က ထမင်းစားတဲ့ ဇွန်းတစ်ချောင်းကို ရေခဲသေတ္တာထဲမှာ ၈မိနစ် ကနေ ၁ဝမိနစ်အထိ အအေးခံထားရပါမယ်။ ပြီးသွားမှ ခုံးနေတဲ့ ဇွန်းအနောက်ဘက်ကို အရေပြားပေါ်မှာ ကပ်ထားပေးရမှာဖြစ်ပါတယ်။ အအေးဓာတ်က ပေါက်သွားတဲ့ သွေးကြောငယ်လေးထဲက သွေးတွေက အရေပြားပေါ် ပြန့်မသွားစေဖို့ ထိန်းချုပ်ပေးနိုင်တာကြောင့်ပါ။ လတ်လတ်ဆတ်ဆတ် မာကင်ရာပေးပြီးတဲ့နောက်မှာ ဒီနည်းလမ်းနဲ့ တစ်နေ့ကို ၃ကြိမ်လောက် လုပ်ပေးလို့ရတယ်နော်။
၂။ ရှားစောင်းလက်ပပ် အနှစ်ကို လိမ်းပေးမယ်။

သဘာဝရှားစောင်းလက်ပပ်က ရတဲ့ အနှစ်ကို လိမ်းပေးလို့လည်း ရသလို ရှားစောင်းလက်ပပ်ပါဝင်တဲ့ အစိုဓာတ်ထိန်းခရင်မ်ဆိုရင်လည်း အဆင်ပြေပါတယ်။ တစ်နေ့ကို နှစ်ကြိမ် နီရဲနေတဲ့ အရေပြားပေါ်မှာ စက်ဝိုင်းပုံသဏ္ဍာန် ပွတ်လိမ်းပေးခြင်းဖြင့် ရက်အနည်းငယ်အတွင်း ပျောက်သွားနိုင်ပါတယ်။ အရေပြားကို ပြန်လည်ပြုပြင်ပေးပြီး အာဟာရဓာတ်ဖြည့်တင်းပေးလို့ အညိုအမဲကွက်ကြီး ကျန်မနေခဲ့အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
၃။ ငှက်ပျောသီးအခွံကိုလည်း အသုံးပြုနိုင်ပါတယ်။

ရုတ်တရက်ကြည့်လိုက်ရင်တော့ မဖြစ်နိုင်ဘူးထင်ရမှာပါ။ ဒါပေမယ့် ငှက်ပျောသီးအခွံရဲ့ အေးမြတဲ့အစွမ်းက ခုလိုပြဿနာကို အလျင်အမြန်ဖြေရှင်းပေးတဲ့နေရာမှာလည်း အသုံးဝင်ပါတယ်။ အများကြီးလုပ်စရာမလိုပါဘူး။ ကိုယ်ငှက်ပျောသီးစားပြီး အခွံနွှာလိုက်တဲ့အခါ အခွံရဲ့ အတွင်းသားကို မာကင်ရာပေးခံရတဲ့ အရေပြားပေါ် ဖိကပ်ထားလိုက်ရုံပါပဲ။ ၁၀ မိနစ်ကနေ မိနစ် ၃၀ ခန့်၊ တစ်နေ့ကို နှစ်ကြိမ်မှ သုံးကြိမ်အထိ လုပ်ပေးနိုင်ရင် လုံလောက်ပါတယ်။
၄။ သွေးလည်ပတ်မှု ကောင်းစေအောင် ရေနွေးဝတ်ကပ်ပါ။

၃ရက် ၄ရက်ကြာတဲ့အထိမှ မာကင်ရာက နီနေတဲ့အရောင်မကျသွားဘူး၊ ဒါမှမဟုတ် အညိုအမဲ စွဲနေပြီဆိုရင်တော့ ရေနွေးဝတ်နဲ့ ကပ်ပေးဖို့လိုပါတယ်။ သူက အရေပြားတစ်ဝိုက်ကို သွေးကောင်းစွာ လည်ပတ်စီးဆင်းစေတယ်။ နဂိုက ခဲနေတဲ့သွေးအဟောင်းကို ဖြိုခွဲပေးပြီး သွေးအသစ်တွေ စီးဆင်းဖို့ ကူညီပေးနိုင်တယ်နော်။ တစ်ခါကပ်ရင် ၅မိနစ်နဲ့တင် လုံလောက်ပါတယ်။ ပြီးသွားရင် ခဏနားပြီး အဝတ်ကို ရေနွေးထဲပြန်စိမ်ပြီးမှ တစ်ခေါက်ထပ်ကပ်ပေးနော်။
၅။ ဗီတာမင် ကေ များတဲ့ အစားအစာတွေကို စားပေးပါ။

ဗီတာမင် ကေဟာ ကိုယ်ခန္ဓာတွင်း သွေးကောင်းစွာ လည်ပတ်နိုင်စေဖို့ ကူညီပေးတယ်။ ပန်းဂေါ်ဖီ၊ ကိုက်လန်၊ ကန်စွန်းရွက် အစရှိတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ၊ ဆန်လုံးညိုတွေကို များများစားပေးသင့်ပါတယ်။
၆။ သွားပွတ်တံ အမွေးနဲ့လည်း သုံးလို့ရပါတယ်။

အလွန်နူးညံ့ပျော့ပျောင်းတဲ့ အမွေးလေးတွေရှိတဲ့ သွားပွတ်တံကို မာကင်ရာကြောင့် သွေးခဲနေတဲ့ နေရာတစ်ဝိုက်မှာ အနည်းငယ်ဖိပြီး ပွတ်ပေးပါ။ ပွတ်တဲ့အခါ ခဲနေတဲ့သွေးကို ပျော်ကျစေပြီး နေရာအနှံ့ကို ပြန့်သွားစေဖို့ ဘေးဘက်တွေကို သွားပွတ်တံအမွေးနဲ့ ပွတ်ဆွဲပေးပါ။ တစ်နေ့ကို ၅မိနစ်ကနေ ၁ဝမိနစ်ထိ လုပ်ပေးဖို့တော့ လိိုပါတယ်။

ကဲ ကိုယ့်ချစ်သူကို သည်းသည်းတုန်နေအောင် ချစ်ကြတဲ့ ချစ်သူတွေလည်း ဒီနည်းလမ်းတွေကို သေချာမှတ်ထားပြီး ဂရုစိုက်ပေးလို့ရတယ်နော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly