မင်းလှတွင် သက်ငယ်မုဒိမ်းမှု ပြုကျင့်ရန်ကြံစည်သူကို အမှုဖွင့်

မင်းလှတွင် သက်ငယ်မုဒိမ်းမှု ပြုကျင့်ရန်ကြံစည်သူကို အမှုဖွင့်

မကွေး၊ဇူလိုင် ၂၃ ။        ။ မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊အမှတ်(၅)ရပ်ကွက်တွင် သက်ငယ်မုဒိမ်းမှု ပြုကျင့်ရန်ကြံစည်သူကို အမှုဖွင့်ထားကြောင်း မင်းလှမြို့မ ရဲစခန်းမှ သတင်းရရှိသည်။

မ...နှင့်မိသားစုသည် အမှတ်(၅)ရပ်ကွက်တွင် အခန်းငှါးနေထိုင်ကြပြီး ဇူလိုင်လ ၁၉ရက်နေ့တွင် မိခင်သည်သမီးဖြစ်သူအားမတွေ့ရသဖြင့် လိုက်လံရှာဖွေရာ ဘဲဒေါ(၂၉)နှစ်ဆိုသူနှင့်အတူ မ...(၇)နှစ်အား အိမ်သာ အတွင်း မှ အတူထွက်လာသည်ကို တွေ့ခဲ့ရခြင်း ဖြစ်သည်။

ထို့နောက် မိခင်ဖြစ်သူက သမီးအားမေးမြန်းမှုများ ပြုလုပ်ခဲ့ရာ သမီးဖြစ်သူက ဖြေကြားခြင်း မရှိသောကြောင့် သမီးဖြစ်သူ၏ ဘောင်းဘီအား ချွတ်၍ကြည့်ရှုခဲ့ရာ အမျိုးသမီးအင်္ဂါမှာနီရဲနေသည်ကို တွေ့ရှိရသဖြင့် ထပ်မံ မေးမြန်းရာ အဓမ္မပြုကျင့်ရန် ကြံစည်ကြောင်း သိခဲ့ရခြင်းဖြစ်သည်။

“မိဘအုပ်ထိန်းမှုအောက်မှာရှိတဲ့ အရွယ်မရောက်သေးတဲ့ကလေးငယ်ကို အဓမ္မပြုကျင့်ရန် ကြံစည်အားထုတ် ခဲ့တယ်ဆိုပြီး ဘဲဒေါကို ဥပဒေအရအရေးယူပေးဖို့လာရောက်တိုင်တန်းတဲ့အမှုဖြစ်ပါတယ်။ အမှုကို ခိုင်မာအောင် စစ်ဆေးဆောင်ရွက်လျက်ရှိနေပါတယ်။ ဘဲဒေါကိုဖမ်းဆီးရမိရေးအတွက်ကိုလည်း မြို့မရဲစခန်းက ဒုရဲအုပ် သန်းကျော်ထွေးက ဦးစီးပြီး တပ်ဖွဲ့ဝင်(၅)ဦးနဲ့ စုံစမ်းဆောင်ရွက်ဖို့ တာဝန်ပေးထားပါတယ်။ ဖမ်းဆီးရမိပြီးလည်း ဖြစ်ပါတယ်” ဟု မင်းလှမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးသန်းလှိုင်ကပြောသည်။

ဘဲဒေါ(၂၉)နှစ်ဆိုသူသည် မ....၏ ပထွေးဖြစ်သူနှင့်ခင်မင်းရင်းနှီးသူဖြစ်ပြီး မင်းလှမြို့နယ် ထန်းကိုင်းရေနံမှော်တွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အတွက် ဘဲဒေါ(၂၉)နှစ်ကို (ပ)၂၂၆/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ဖြင့် မင်းလှမြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly