ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ရုံးထုတ်တွင် ဝန်းရံခဲ့သူအချို့အား ပုဒ်မနှစ်ခုဖြင့် တရားစွဲတင်

By ကရိုင်နူးရာ
23 July 2019
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ရုံးထုတ်တွင် ဝန်းရံခဲ့သူအချို့အား ပုဒ်မနှစ်ခုဖြင့် တရားစွဲတင်
ဓာတ်ပုံ - ကရိုင်နူးရာ

ရန်ကုန်၊ ဇူလိုင်လ (၂၃) ။           ။ တပ်မတော်က နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုထားသော ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ရုံးထုတ်တွင် ဝန်းရံခဲ့သူများအနက်မှ ၅ဦးကို ပုဒ်မ နှစ်ခုဖြင့် ဇူလိုင်လ ၂၃ရက်နေ့က ဗိုလ်တထောင် မြို့နယ် တရားရုံး၌ တရားစွဲဆိုလိုက်သည်။

တရားစွဲတင်ခံရသူ ၅ ဦးမှာ မနီလာသိန်း (၈၈မျိုးဆက် ငြိမ်း/ပွင့်)၊ ရှားယမုံ(အသံအဖွဲ့)၊ နန်းလင်း (ဒဂုံ တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း)၊ နိုင်ကိုသူ (ဒေါင်းတို့မျိုးဆက်)၊ မင်းဟန်ထက်် (ဒဂုံတက္က သိုလ်ကျောင်းသားများသမဂ္ဂ မူဝါဒရေးရာကော်မတီ တာဝန်ခံ) တို့ကို ပုဒ်မ ၃၅၃ ပြည်သူ့ဝန်ထမ်း တာဝန် ထမ်းဆောင်စဉ် လက်ရောက်မှု၊ ပုဒ်မ ၃၃၂ ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်စဉ် သာမန်ဒဏ်ရာရရှိစေမှု တို့ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

''လက်ရှိဖြစ်နေတဲ့ ကိစ္စက တရားခွင်ထဲကနေ ထွက်ပြီးတာနဲ့ တရားရုံးထဲကို စခန်းမှူးအပါအဝင် အရပ်ဝတ် လူတစ်စုက ကျွန်မတို့နဲ့ ပတ်သတ်တဲ့ မှတ်တမ်းမှတ်ရာတွေကို ဝင်ယူပါတယ်။ ကျွန်မတို့ ပြောချင်တာက တာဝန်ရှိတဲ့သူမှအပ ကျန်တဲ့လူတွေက တာဝန်ထက်ပိုတဲ့ အလုပ်တွေကို လာရောက် လုပ်ဆောင်နေတာက ကျွန်မတို့ဘက်က လုံးဝ လက်မခံဘူးဆိုတာကို ကျွန်မတို့ ရှေ့နေကလည်း စခန်းမှူးကို ပြောပါတယ်။ အဲ့အတွက် စခန်မှူးက ဒီတစ်ခါတော့ သူဒါတွေကို နောက်တစ်ကြိမ်မဖြစ်အောင် သူ့အနေနဲ့ လုပ်ဆောင်ပါ့မယ်။ အရပ်ဝတ်တွေနဲ့ မလာပဲနဲ့ ယူနီဖောင်းတွေနဲ့ပဲ သတင်းမှတ်တမ်းယူမယ်ဆိုပြီး ပြောပါတယ်။ ကျွန်မတို့နဲ့ ပတ်သတ်တဲ့အချက်အလက်တွေ ဥပမာ အာမခံဘယ်သူပေးတာလဲ အချက်အလက်တွေ နာမည်တွေ လာယူ တာပါ။ ဥပမာ ကျွန်မနဲ့ပတ်သတ်တဲ့ အာမခံဘယ်သူပေးလဲ။ နာမည်တွေ အကုန် အသေးစိတ် လာယူသွား တာပါ။'' ဟု တရားစွဲဆိုခံရသူ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဒေါ်နီလာသိန်းမှ ပြောသည်။

အဆိုပါဖြစ်စဉ်မှ မင်းဟန်ထက်ကို ကမာရွတ်မြို့နယ် ရဲစခန်းမှလည်း 7 july ချီတက်မှုအတွက် ပုဒ်မ ၁၉ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။ဇူလိုင်လ ၂၃ ရက်နေ့က ဗိုလ်တထောင်တရားရုံးတွင် ပြုလုပ်ခဲ့သော ရုံးချိန်းတွင် မင်းဟန်ထက်မှ လွဲ၍ ဒေါ်နီလာသိန်း အပါအဝင် လေးဦးကို တစ်ဦးလျှင် ကျပ်သိန်း၂၀ ဖြင့် အာမခံပေးခဲ့သည်။

"ဒီကာလတွေမှာ အာရုံလွှဲမှုတွေ၊ လှည့်စားမှုတွေ ဘယ်လောက်ပဲရှိနေပါစေ ၂၀၀၈အခြေခံဥပဒေကို ပြင်ဆင်ဖို့ အတွက်ပဲ အာရုံစိုက်ပေးစေချင်တယ်။ ပြင်ဆင်ဖို့၊ ဖျက်သိမ်းဖို့၊ အသစ်ရေးဆွဲဖို့ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်း တွေ ခေါင်းဆောင်တွေကိုလည်း ပြည်သူလူထုအနေနဲ့ ပူးပေါင်းပေးပါ။" ဟု ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ မူဝါဒရေးရာကော်မတီ တာဝန်ခံ မင်းဟန်ထက်မှ ပြောသည်။
နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တပ်မတော်၏ အမှုဖွင့်ခံရသူ ၅ ဦးမှာကိုုဇေယျာလွင်၊ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေ ၊ ကိုပိုင်ရဲသူ၊မ ကေခိုင်ထွန်း၊ ကိုဖိုးသား(ခ) ဇော်လင်းထွဋ်တို့ဖြစ်ပြီး လက်ရှိအချိန်အထိ ဖမ်းဆီးထိန်းသိမ်းခံထား ရကာ  အမှုရင်ဆိုင်လျက်ရှိကြောင်း သိရသည်။
"ကျွန်မတို့နိုင်ငံမှာ ရှိနေတဲ့ တရားဥပဒေက အာဏာရှိတဲ့ လူတစ်စုကိုပဲ ကာကွယ်ပေးတာ ဖြစ်တယ်။ ပြည်သူ လူထုကို ကာကွယ်ပေးတာ မရှိဘူး။ အဲ့လိုပဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိနေသ၍ ပြည်သူလူထုက ဒီအတိုင်း ပဲ မတရားတဲ့ဥပဒေတွေ အောက်မှာ ဆက်နေရအုံးမှာပဲ။" ဟု အသံအဖွဲ့မှ မရှားယမုံက ပြောဆိုခဲ့သည်။
အဆိုပါ ဝန်းရံသူ၅ဦးသည် ပြီးခဲ့သည့် မေလကုန်ပိုင်းက ဗိုလ်တထောင်မြို့နယ်တရားရုံးတွင် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ရုံးထုတ်စဉ် ရဲတပ်ဖွဲ့နှင့် ဝန်းရံသူများကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ခြင်းကြောင့် တရားစွဲဆိုခြင်း ဖြစ်ကြောင်း သိရသည်။

"အဲ့နေ့ဖြစ်စဉ်မှာ ကျွန်တော်တို့ဘက်က ဝင်ရောက်ဟန့်တားတာ။ မစုရတနာမြင့်က မီဒီယာတွေကို စကား  ပြောတဲ့ အချိန်မှာ နောက်က ရဲမေက တွန်းလိုက်တယ်။ အဲ့လိုမလုပ်ဖို့ ပြောလိုက်တဲ့အချိန်မှာ ရဲတပ်ဖွဲ့က ဝင်ရောက်လာပြီးတော့  အဲ့နေ့ခရိုင်ရဲအင်အားအထိ ပါတယ်လို့ သိရတယ်။ ရဲအယောက် ၄၀-၅ဝလောက်က ၀ိုင်းလုပ်ကြတော့ ရုန်းရင်းဆန်ခတ်ဖြစ်တာပေါ့။ အမှန်ဆိုရင် ဒီလူတွေက အဖမ်းမခံရဲတဲ့ကောင်တွေ မဟုတ်ဘူး။ တကယ်ဖမ်းခံရမယ့် ဝီရသူဆိုရင် မမိသေးဘူး။ အဲ့လိုနေရာတွေမှာ ရဲတပ်ဖွဲ့အင်အားကို စနစ်တကျ အသုံး မချဘဲနဲ့ အခုလိုမျိုး နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ကိုယ့်အမှုအခင်းကို သတ္တိရှိရှိရင်ဆိုင်တဲ့သူတွေကို ရည် ရွယ်ချက်ရှိရှိနဲ့ အင်အားတွေသုံးပြီးတော့ လုပ်ဆောင်နေတာကတော့ တိုင်းပြည်ကို လမ်းလွှဲဖို့၊ တက်ကြွ လှုပ်ရှား သူတွေကို ဖမ်းဆီးထိန်းသိမ်းဖို့ ကြိုးစားနေတယ်လို့ ယူဆပါတယ်။ NLDရဲ့ လွှတ်တော်တွင်း လှုပ်ရှားမှုက ဘယ်လောက် အောင်မြင်မလဲ မအောင်မြင်မလဲ ကျွန်တော်တို့ မသိဘူး။ အဲ့ဒီအနေအထားမှာ ဆက်ပြီး ဖြစ်လာမယ့် လှုပ်ရှားမှုတွေကို ကြိုပြီးဟန့်တားတဲ့သဘောလို့ ကျွန်တော်ထင်တယ် " ဟု ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း နန်းလင်းမှ ပြောသည်။

အဆိုပါ တရားစွဲတင်ခံရသူ၅ဦးအမှုအတွက် ရုံးချိန်းကို ဇူလိုင်လ ၃ဝရက်နေ့သို့ ထပ်မံချိန်းဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly