ငါးသားပေါက် ရာသီပိတ် ကာလမှာ တရားမဝင် ငါးခိုးဖမ်းသည့် လှေ ၉ စီးနှင့် ရေလုပ်သား ၃၃ ဦး ဖမ်းဆီး

ငါးသားပေါက် ရာသီပိတ် ကာလမှာ တရားမဝင် ငါးခိုးဖမ်းသည့် လှေ ၉ စီးနှင့် ရေလုပ်သား ၃၃ ဦး ဖမ်းဆီး
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ ဇူလိုင် (၂၃)  ။          ။ ငါးမဖမ်းရ ရာသီ အဖြစ် သတ်မှတ် ထားသည့် ဇွန်လမှ သြဂုတ်လ အတွင်း ငါးသားပေါက် ရာသီ ဖြစ်၍ တရားမဝင် ခိုးဖမ်းသည့် လိုင်စင်မဲ့ ငါးဖမ်းလှေ ၉ စီးနှင့် ရေလုပ်သား ၃၃ ဦးတို့ကို ဖမ်းဆီး အရေးယူ ထားကြောင်း မြိတ်ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနရုံးထံမှ သိရ သည်။

 “ငါးသားပေါက် ရာသီဖြစ်တဲ့ ဒီ ၃ လမှာ ကမ်းဝေး ငါးဖမ်းလှေတွေ အခုနှစ်မှာ ၁၀၀ % နှုန်း အပြည့် ပိတ်ပင် ထားပါတယ်၊ ဒါပေမယ့် ကမ်းနီး လှေတွေကတော့ ပိတ်ထားတာ မရှိပါဘူး၊ အခု ဖမ်းဆီးခံရတဲ့ ကမ်းနီးလှေတွေက လုပ်ငန်း လိုင်မရှိပဲ ခိုးဖမ်းတာ ဖြစ်လို့ အရေးယူတာ ဖြစ်တယ်”ဟု မြိတ်ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနရုံးမှ ခရိုင်ဦးစီးမှူး ဦးလွှမ်းမိုးဇော်က ပြောသည်။

အဆိုပါ တရားမဝင် ငါးခိုးဖမ်းသည့် လိုင်စင်မဲ့ ကမ်းနီးလှေ ၉ စီးနှင့် ရေလုပ်သား ၃၃ ဦးမှာ မြိတ်ကျွန်းစု ရေပြင်အတွင်း ဖမ်းဆီး ရမိထားခြင်း ဖြစ်သည်။

တရားမဝင် ငါးခိုးဖမ်းသည့် လှေများနှင့် ရေလုပ်သားများကို ငါးလုပ်ငန်း ဥပဒေ အရ စစ်ဆေး အရေးယူသွားမည် ဖြစ်ကြောင်း သိရ သည်။

မြိတ်ခရိုင်း အတွင်း ၂၀၁၉ ခုနှစ် ဇွန်လမှ စတင်၍ ကမ်းဝေး ငါးဖမ်းလှေ လိုင်စင် ထုတ်ပေးမှုမှာ မြိတ်မြို့နယ် အတွင်း အစီးရေ ၈၃၁ စီး၊ ပုလောမြို့တွင် ၅၄၃ စီးနှင့် ကျွန်းစုမြို့နယ်မှာ ၂၄၄၅ စီး ဖြစ်ကာ ခရိုင်ချုပ် အစီးရေမှာ စုစုပေါင်း ၃၈၁၉ စီးဖြစ်ကြောင်း သိရ သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly