ချင်းပြည်နယ် ပလက်ဝတွင် စစ်ဆင်ရေးရပ်စဲပေးရန် ချင်း အဖွဲ့အစည်းများ တောင်းဆို

ချင်းပြည်နယ် ပလက်ဝတွင် စစ်ဆင်ရေးရပ်စဲပေးရန် ချင်း အဖွဲ့အစည်းများ တောင်းဆို

ရန်ကုန် ဇူလိုင် ၂၃ ။        ။ ချင်းပြည်နယ် ပလက်ဝဒေသတွင် မြန်မာ့တပ်မတော် နှင့် AA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေမှုအတွက် စစ်ဆင်ရေး ရပ်စဲပေးရန် ချင်းလူမှုအဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။

ဇူလိုင်လ ၂၃ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ မြန်မာဂျာနယ်လစ် ကွန်ရက် ရုံးခန်းတွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ကာ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

 “ ကျွန်တော်တို့ ပလက်ဝဒေသက စစ်ဘေးရှောင်ဘဝ ရောက်သွားတာ အကုန်လုံးသိပါတယ်။ အဓိက ဖြစ်နေတဲ့ကိစ္စက AA နဲ့ ဗမာ့တပ်မတော် တို့ဖြစ်နေတဲ့ကိစ္စမှာပလက်ဝ က စစ်ဘေးရှောင်ဘဝ ရောက်တယ် ဆိုတာ တကယ်မဖြစ်သင့်ပါဘူး။ချင်းပြည်နယ်မှာ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့တိုက်ပွဲဖြစ်တယ်။ ချင်းတွေ စစ်ဘေးရှောင်ဖို့ဆိုတာမရှိပါဘူး။ချင်းတွေကို ကိုယ်စားပြုတဲ့ ချင်းတပ်မတော် နဲ့ ဗမာ့တပ်မတော်နဲ့  ဖြစ်တုန်း ကတောင် စစ်ဘေးရှောင်ဘဝ ဆိုတာမရောက်ဖူးဘူး” ဟု ဟားခါး ပလက်ဝစစ်ဘေးရှောင် ကူညီရေးအဖွဲ့မှ ဥက္ကဋ္ဌ ဖြစ်သော ဆလိုင်းဧလီရှမာ က မီဒီယာများကိုပြောဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း က ဖလမ်းလူငယ်အဖွဲ့ ၊ ချင်းကျောင်းသားများသမဂ္ဂ ၊ ဟားခါးပလက်ဝ စစ်ဘေး ရှောင်ကူညီရေး အဖွဲ့ ၊ ချင်းအရပ်ဖက်အဖွဲ့အစည်းများက အလှူခံရာမှ ရရှိလာသည့် ကျပ်သိန်း ၆၀၀ ကျော်ကို ပလက်ဝဒေသရှိ ကျေးရွာ ၆ စုထားသည့် ဒုက္ခသည် စစ်ဘေးရှောင် စခန်းသို့သွားရောက် လှူဒါန်းမှုများ ပြုလုပ် ခဲ့သည်။

 “အခုဖြစ်နေတဲ့ စစ်ပွဲက နိုင်ငံတော်သမ္မတကိုယ်တိုင်က စစ်ဆင်ရေးရပ်စဲပေးဖို့ တောင်းဆိုပေးဖို့ အဲဒါကို ကျွန်တော်တို့ တောင်းဆိုချင်တယ်။စစ်ဆင်ရေးကိုတောင်းဆိုပေး ၊ သူ့ရင်တွင်းက စကားလေးပေါ့။ ကျွန်တော်တို့ လိုချင်တယ်။ သူပြောပေးမယ် ၊ ဒါပေမယ့် ရမရတာက သက်သက်ပေါ့။ သူ့စကားကို ကျွန်တော်တို့ ချင်းတွေ လိုချင်တယ်။ ဒီစစ်ဆင်ရေးကို ဘာပဲဖြစ်ဖြစ် ရပ်ပေးပါဆိုတဲ့စကားကို ကျွန်တော်တို့တောင်းဆိုချင်တယ်” ဟု ဆလိုင်းဧလီရှမာ က ပြောသည်။

လက်ရှိတွင် တိုက်ပွဲများဖြစ်ပွားနေသည့် ချင်းပြည်နယ် ပလက်ဝဒေသတွင် စစ်ဘေးရှောင် လူဦးရေ ၆၀၀ ကျော် မှာ စားဝတ်နေရေး ၊  ပညာရေး ၊ ကျန်းမာရေးများအတွက် အခက်အခဲများစွာဖြစ်နေပြီး အကူညီများ အရေးပေါ် လိုအပ်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly