သြစတြေးလျတွင် မူးယစ်ဆေးတင်လာသည့် ကားက ရဲကားကို ဝင်တိုက်မိပြီးနောက် အဖမ်းခံရ

သြစတြေးလျတွင် မူးယစ်ဆေးတင်လာသည့် ကားက ရဲကားကို ဝင်တိုက်မိပြီးနောက် အဖမ်းခံရ

ဇူလိုင် ၂၃ ။         ။ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ မူးယစ်ဆေးတွေ တင်ပြီး မောင်းလာတဲ့ ဗင်ကားတစ်စီးက ရဲစခန်းတစ်ခုရှေ့မှာ ရပ်ထားတဲ့ ရဲကားကို ဝင်တိုက်ခဲ့မိပြီးနောက် သံသယရှိ မူးယစ်ဆေး ခိုးသယ်ဆောင်သူတစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၈ နှစ်အရွယ် အဆိုပါ သံသယရှိ မူးယစ်မှောင်ခိုသွင်းသူ အမျိုးသားဟာ ဇူလိုင် ၂၂ ရက်က  ဗင်ကားတစ်စီးနဲ့ ကန်ဒေါ်လာ သန်း ၁၄၀ တန်ဖိုးရှိ မက်သမ်ဖက်တမင်း မူးယစ်ဆေးတွေကို တင်ဆောင်ပြီး တရကြမ်း မောင်းနှင်လာခဲ့ရာမှာတော့ ရဲစခန်းရှေ့ ရပ်ထားတဲ့ ရဲကားကို ဝင်တိုက်မိခဲ့တာဖြစ်ပါတယ်။

ယင်းနောက် ၎င်းဟာ ကားကို ဆက်ပြီး မောင်းပြေးသွားခဲ့ပေမယ့် နောက်ကနေ ရဲတွေက လိုက်လာခဲ့တဲ့အတွက် နောက်တစ်နာရီလောက်အကြာမှာပဲ မြို့ရဲ့ မြောက်ဘက်ခြမ်းက ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။

၎င်း မောင်းလာတဲ့ ကားထဲမှာ ရှာဖွေရာမှာတော့ အလေးချိန် ၂၇၃ ကီလို ရှိ မက်သမ်ဖက်တမင်း ဆေးပြားတွေကို ရှာတွေ့ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

၎င်းရဲ့ ကားနဲ့ ရဲကားကို ဝင်တိုက်မိခဲ့တဲ့ ဖြစ်စဉ်မှာ ဒဏ်ရာရသူ မရှိခဲ့ပေမယ့် အတိုက်ခံရတဲ့ ရဲကားတစ်စီးကတော့ ဆိုးဆိုးဝါးဝါး ပျက်စီးသွားတယ်လို့ သိရပါတယ်။

အမည် ဖော်ပြခြင်းမရှိတဲ့ အဆိုပါ မူးယစ်မှောင်ခိုကူးသူအမျိုးသားကိုတော့ မူးယစ်ဆေးဝါး သယ်ဆောင်မှု၊ ယာဉ်ကို မဆင်မခြင် မောင်းနှင်မှု စွဲချက်တွေနဲ့ ဇူလိုင် ၂၃ ရက်မှာ တရားစွဲထားတယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly