လေပိုင်နက်ထဲ ကျူးကျော်ဝင်လာတဲ့ ရုရှား စစ်လေယာဉ်ကို တောင်ကိုရီးယား ခြောက်လှန့် ပစ်ခတ်

လေပိုင်နက်ထဲ ကျူးကျော်ဝင်လာတဲ့ ရုရှား စစ်လေယာဉ်ကို တောင်ကိုရီးယား ခြောက်လှန့် ပစ်ခတ်

ဇူလိုင် ၂၃ ။        ။ နိုင်ငံပိုင် လေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်လာတဲ့ ရုရှား စစ်လေယာဉ်တစ်စင်းကို သတိပေး ပစ်ခတ်မှုတွေ လုပ်ခဲ့ရကြောင်း တောင်ကိုရီးယား အာဏာပိုင်တွေက ပြောပါတယ်။

အဆိုပါ ရုရှား စစ်လေယာဉ်ဟာ ဇူလိုင် ၂၃ ရက်က ပိုင်နက် ချိုးဖောက်မှုတွေ လုပ်ခဲ့တဲ့အတွက် တောင်ကိုရီးယားတိုက်လေယာဉ်တွေက သတိပေးပစ်ခတ်မှု အချက်ပေါင်း ရာချီ လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ခုလို လေပိုင်နက် ကျူးကျော်မှုတွေ ထပ်တလဲလဲ ဖြစ်နေမည် ဆိုပါက ယခုထက် ပိုပြင်းထန်တဲ့ တုန့်ပြန််မှုတွေ ရှိလာလိမ့်မယ်လို့ ဆိုးလ်ဘက်က သတိပေးပါတယ်။

ရုရှား A-50 စစ်လေယာဉ်ဟာ နိုင်ငံအရှေ့ဘက် ကမ်းရိုးတန်းအပြင်ဘက် တောင်ကိုရီးယားလေပိုင်နက်ထဲ နှစ်ကြိမ် ကျူးကျော် ဝင်ရောက်ခဲ့တဲ့အတွက် လေတပ်က ယင်းရဲ့ တိုက်လေယာဉ်တွေကို တပ်ဖြန့်ခဲ့ရကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ယခု ဖြစ်စဉ်နဲ့ပတ်သက်လို့ ရုရှားတို့ဘက်ကတော့ ယင်းရဲ့ စစ်လေယာဉ်တွေ တောင်ကိုရီးယား လေပိုင်နက်ထဲ ကျူးကျော်မှု မရှိခဲ့ဘူးလို့ ငြင်းဆိုသွားခဲ့ပြီး ယင်းရဲ့ လေယာဉ်တွေဟာ နိုင်ငံတကာ ပင်လယ်ရေပြင်အပေါ် ပျံဝဲ လေ့ကျင့်မှုတွေကိုသာ လုပ်ခဲ့ကြောင်း တုန့်ပြန်သွားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly