ဘေးလ်က ပွဲကစားဖို့ ငြင်းဆန်ခဲ့တာပါ - ဇီဒန်း

ဘေးလ်က ပွဲကစားဖို့ ငြင်းဆန်ခဲ့တာပါ - ဇီဒန်း
Photos: EPA

ရီးယဲလ်မက်ဒရစ်နည်းပြ ဇီနဒင်း ဇီဒန်းက ဂါရတ်ဘေးလ်အနေနဲ့ အသင်းမှ ထွက်ခွာဖြစ်ပါက ကောင်းမွန်မယ်လို့ ပြောဆိုခဲ့တာဟာ ကစားသမားအပေါ် မလေးစားခြင်းကြောင့် မဟုတ်ဘူးလို့ တနင်္လာနေ့က ပြောဆိုသွားခဲ့ပါတယ်။

ဇီဒန်းက ရီးယဲလ်အသင်းရဲ့ အာဆင်နယ်အသင်းနဲ့ ခြေစမ်းပွဲမတိုင်မီ သတင်းထောက်တွေကို ပြောကြားရာမှာ စနေနေ့က ဘိုင်ယန်ကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်တဲ့ပွဲမှာ ဘေးလ်က ပါဝင်ကစားပေးဖို့ ငြင်းဆန်ခဲ့တယ်လို့ ပြောပါတယ်။

"ကျနော် ဘယ်သူ့အပေါ်မှာမှ မလေးမစား မလုပ်ခဲ့ပါဘူး။ အနည်းဆုံး ကစားသမားအားလုံးအပေါ်မှာပေါ့။"လို့ စိတ်ပျက်သံနဲ့ ဇီဒန်းက ပြောပါတယ်။ "ကလပ်အသင်းဟာ ဘေးလ်ကို ရောင်းချဖို့တွက် အဆင်ပြေပြေဖြစ်ဖို့ လုပ်ဆောင်နေတယ်လို့ ကျနော် ပြောပါတယ်။"

"အရင်နေ့က ဂါရတ်ဟာ ပွဲအတွက် (ဘိုင်ယန်နဲ့ပွဲ) ဂျာစီကို မဝတ်ခဲ့ပါဘူး။ သူက ပါဝင်ကစားလိုခြင်း မရှိပါဘူး။ ဘာကြောင့်လဲဆိုရင် ကလပ်ဟာ အသင်းကနေ သူ့ရဲ့ ထွက်ခွာဖို့အတွက် ညှိနှိုင်းဆွေးနွေးခဲ့တာကြောင့်ပါ"လို့ သူက ဆက်ပြောပါတယ်။

ဇီဒန်းဟာ ပြီးခဲ့တဲ့တစ်ပတ်က ဝေးလ်လက်ရွေးစင် ဘေးလ်အနေနဲ့ အသင်းမှ ထွက်ခွာဖြစ်ခဲ့မယ်ဆိုရင် ကစားသမားအတွက်ရော အသင်းအတွက်ပါ အဆင်ပြောလိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့တာကြောင့် ဘေးလ်ရဲ့ အေးဂျင့်ဖြစ်သူက သူ့ရဲ့ မှတ်ချက်ဟာ ကစားသမားအပေါ် လေးစားမှုမရှိတဲ့ စကားဖြစ်တယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

"သူက ရီးယဲလ်မက်ဒရစ်အတွက် အများကြီး လုပ်ဆောင်ပေးခဲ့တဲ့ ကစားသမား(ဘေးလ်)အပေါ် လေးစားသမှု မရှိပါဘူး။"လို့ အေးဂျင့် ဂျော်နသန် ဘားနက်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဘေးလ်ဟာ ပြီးခဲ့တဲ့ (၆)နှစ်က စပါးကနေ ရီးယဲလ်အသင်းဆီ ရောက်ရှိလာပြီးနောက်ပိုင်း အသင်းကို လာလီဂါဖလားတစ်လုံးနဲ့ ချန်ပီယံလိဂ်ဖလား (၄)လုံး ရရှိအောင် ကူညီထားခဲ့ပေမယ့်လည်း ဇီဒန်းနဲ့ ဆက်ဆံရေးမှာ အေးစက်နေခဲ့တာပဲဖြစ်ပါတယ်။

ဇီဒန်းဟာ ရီးယဲလ်အသင်းထံ တစ်ကျော့ပြန် ရောက်လာပြီးနောက်ပိုင်း ဘေးလ်နေနဲ့ (၁၁)ပွဲမှာ ပွဲချိန်ပြည့် (၃)ပွဲသာ ကစားခဲ့ရပြီး (၄)ပွဲ ချန်လှပ်ခံရတဲ့အပြင် မကြာခဏဆိုသလို လူစားလဲကစားခဲ့ရပါတယ်။

"ဒီနေ့မှာ သူဟာ ရီးယဲလ်မက်ဒရစ် ကစားသမားတစ်ယောက်ပါ။"လို့ တနင်္လာနေ့မှာ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေတဲ့ ဘေးလ်ကို ဇီဒန်းက ပြောသွားခဲ့တာဖြစ်ပါတယ်။

© Agence France-Presse

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly