ပင်လယ်ကွေ့ဒေသမှာ ဥရောပ ဦးဆောင်တဲ့ အစောင့်အရှောက်တပ် ထားရှိဖို့ ဗြိတိန် စီစဉ်

ပင်လယ်ကွေ့ဒေသမှာ ဥရောပ ဦးဆောင်တဲ့ အစောင့်အရှောက်တပ် ထားရှိဖို့ ဗြိတိန် စီစဉ်

ဇူလိုင် ၂၃ ။           ။ အရှေ့အလယ်ပိုင်း ပင်လယ်ကွေ့ဒေသမှာ သွားလာတဲ့ သင်္ဘောတွေကို အီရန်ရဲ့ ရန်ကနေ ကာကွယ်စောင့်ရှောက်ဖို့အတွက် ဥရောပ ဦးဆောင်တဲ့ အစောင့်အရှောက် တပ်ဖွဲ့တစ်ခု ထားရှိတပ်ချသွားရေး စီစဉ်နေလျက် ရှိကြောင်း ဗြိတိန်က ဇူလိုင် ၂၂ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ယင်းဒေသမှာ ဗြိတိန် ရေနံတင်သင်္ဘောတစ်စင်းကို အီရန် အာဏာပိုင်တွေ ဖမ်းဆီးထိန်းသိမ်းခဲဲ့တဲ့ ဖြစ်စဉ် ပေါ်ပေါက်ခဲ့ပြီးနောက် ခုလို အကာအကွယ် အစောင့်အရှောက်တပ်ဖွဲ့ကို ယင်းဒေသမှာ တပ်ချဖို့ ဗြိတိန်တို့ဘက်က ပြင်ဆင်လာတာ ဖြစ်ပါတယ်။

အဆိုပါ ရေနံတင်သင်္ဘောကို အီရန်တို့ ဖမ်းဆီးခဲ့မှုနဲ့ ပတ်သက်လို့ ဗြိတိန်အစိုးရက အရေးပေါ် အစည်းအဝေး ခေါ်ခဲ့တယ်လို့လည်း သိရပါတယ်။

ခုလို အီရန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတစ်နိုင်ငံရဲ့ ဓားပြတိုက်မှု လုပ်ရပ်ဖြစ်တယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရီမီ ဟန့်က ပြစ်တင်သွားခဲ့ပြီး တစ်ချိန်တည်းမှာလည်းပဲ ဗြိတိန်အနေနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ ဆန္ဒမရှိဘူးလို့လည်း ပြောပါတယ်။

“ ဒီ မစ်ရှင်ကို အမြန်ဆုံး ကျွန်တော်တို့ ဖော်ဆောင်သွားမှာပါ” လို့ ဟန့်က ပြောပါတယ်။

အလားတူ ဗြိတိန်တို့ စေလွှတ်လိုက်တဲ့ ဒုတိယမြောက် စစ်သင်္ဘောတစ်စင်းဟာလည်း ယင်း ပင်လယ်ကွေ့ဒေသထဲကို လာမယ့် ဇူလိုင် ၂၉ မတိုင်ခင် ရောက်ရှိသွားလိမ့်မယ်လို့ ၎င်းက ထပ်လောင်းပြောပါတယ်။

ပင်လယ်ကွေ့ဒေသ မဟာဗျူဟာကျ ဟောမုဇ် ရေလက်ကြားမှာ ဗြိတိန် ရေနံတင်သင်္ဘော Stena Impero ကို ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်က အီရန် တော်လှန်ရေး အစောင့်တပ်က သိမ်းယူခဲ့ပြီးနောက် တင်းမာမှုတွေ မြင့်တက်နေတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly