ကလေးငယ်လေးဦးအား အဓမ္မပြုကျင့်မှု ကျူးလွန်ခဲ့သော ဆရာတော်ကို တစ်နှစ်ကျော်ကြာသည်အထိ ဖမ်းမမိသေး

23 July 2019
ကလေးငယ်လေးဦးအား အဓမ္မပြုကျင့်မှု ကျူးလွန်ခဲ့သော ဆရာတော်ကို တစ်နှစ်ကျော်ကြာသည်အထိ ဖမ်းမမိသေး

ကလေးငယ် လေးဦးအား အဓမ္မပြုကျင့်မှု ကျူးလွန်သည့် ပုသိမ်မြို့နယ်၊ရေသိုးကျေးရွာ စိတ္တသုခ ကျောင်းတိုက် ဆရာတော်ကို တစ်နှစ်ကျော်သည့်အထိ မဖမ်းဆီးနိုင်သေးကြောင်း ဧရာဝတီတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးထွန်းရွှေကပြောသည်။

“ပြုကျင့်ခံရတဲ့ အမျိုးသမီးတွေက လေးယောက်ပေါ့။ အမှုတွဲကိုသေချာတည်ဆောက်ပြီး သက်သေတွေစစ်ပြီး ၆ရက်၅လ၂၀၁၉မှာ စွဲချက်၄ခုနဲ့ ပုသိမ်ခရိုင်တရားရုံး တရားစွဲတင်ပြီးပြီ။ အခုထိတော့ ဖမ်းဆီးရမိမှုမရှိသေးဘူး။ တရားခံဖမ်းဆီးရမိအောင် မှုခင်းအချက်အလက်တွေယူပြီး သက်ဆိုင်ရာ ခရိုင်တိုင်း ဖြန့်ဝေထားရှိပါတယ်။ တရားခံနဲ့ ပတ်သက်ပြီး သတင်းရတဲ့ မည်သူမဆိုသတင်းပေးနိုင်ပါတယ်” ဟု ဒုတိယရဲမှူးကြီး ထွန်းရွှေက ပြောသည်။

၂၀၁၈ခုနှစ် ဧပြီလတွင် ဖြစ်ပွားခဲ့သော အဆိုပါ ဖြစ်စဉ်အတွက် အမှုဖွင့်ခံထားရသည့် ဆရာတော်ဥူးနန္ဒသီရိမှာ သက်တော် ၅၆နှစ် ၀ါတော် ၇ ၀ါရှိပြီး၊ရေသိုးကျေးရွာ စိတ္တသုခကျောင်းတိုက်တွင် တစ်ပါးတည်း သီးတင်း သုံးလျက်ရှိကြောင်း ယခုအခါ အမှုဖွင့်သည့်နေ့မှ စတင်ကာ ကျောင်းမှထွက်သွားကြောင်း သိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၁၉ခုနှစ် နှစ်စမှ ဇွန်လအထိ တိုင်းဒေသကြီးအတွင်း မုဒိမ်းမှု ၇၅မှု ဖြစ်ပွားပြီး၊ သက်ငယ်မုဒိမ်း မှု ၄၈မှုဖြစ်ပွားခဲ့ကာ သက်ကြီးမုဒိမ်းမှု ၁၇ မှု ဖြစ်ပွားခဲ့သည်။

ရိုက်ကူး- စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly