ဝန်ကြီးများရုံးတွင် ရှစ်လေးလုံးအထိမ်းအမှတ်ပြခန်း ဖွင့်လှစ်နိုင်ရေး စီစဉ်နေ

ဝန်ကြီးများရုံးတွင် ရှစ်လေးလုံးအထိမ်းအမှတ်ပြခန်း ဖွင့်လှစ်နိုင်ရေး စီစဉ်နေ
  ဓာတ်ပုံ-သူရ၊ မဇ္ဈိမ

ဇူလိုင် ၂၂ ၊ ရန်ကုန် ။       ။ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ခေါင်းဆောင်များ လုပ်ကြံခံခဲ့ရသည့် ဝန်ကြီးများရုံး( ယခင် အတွင်းဝန်ရုံး) တွင် ရှစ်လေးလုံးအထိမ်းအမှတ်ပြခန်း ဖွင့်လှစ်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသည်ဟု ရှစ်လေးလုံး ပြတိုက်ဖြစ်မြောက်ရေး ကော်မတီမှ ဦးရဲနိုင်အောင်(ခ)ကိုဝ က မဇ္စျိမသို့ ပြောသည်။

“လက်ရှိ ပြခန်းလုပ်ထားတဲ့အခန်းက စာချုပ်ပြည့်သွားတယ်။ အခန်းအခြေအနေအရ ပြနိုင်မယ့် ပရိသတ်က နည်းတယ်။ လှူဒါန်းငွေနည်းတဲ့အတွက် ရေရှည်ရပ်တည်ရေး ဒီနေရာက ရွှေ့ရမယ်လို့ ဆုံးဖြတ်တယ်။ ဒုတိယအချက်အနေနဲ့ အတွင်းဝန်ရုံးကို ရွှေ့ဖို့ စဉ်းစားတော့ အနော်မာကုမ္ပဏီနဲ့ ညှိတယ်။ ကုမ္ပဏီဘက်ကလည်း တိုင်းအစိုးရက မကန့်ကွက်ရင် လက်ခံပေးဖို့ ပြသနာမရှိဘူးလို့ ပြောတဲ့အတွက် ဝန်ကြီးချုပ်က ကျွန်တော်တို့နဲ့ ကုမ္ပဏီကြား အတွင်းဝန်ရုံးမှာ ပြသဖို့ကိစ္စအတွက် လိုအပ်တာလေးတွေ ကူညီ ညှိနှိုင်းဆွေးနွေးပေးတာပါ” ဟု ဦးရဲနိုင်အောင်(ခ) ကိုဝက ပြောသည်။

ရှစ်လေးလုံးအထိမ်းအမှတ်ပြခန်း ဖွင့်လှစ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီတာဝန်ရှိသူများ၊ မြန်မာဗိသုကာအသင်းတာဝန်ရှိသူများ၊ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်  ရှစ်လေးလုံး ပြတိုက်ဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိသူတို့သည် ဇူလိုင် ၂၂ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဝန်ကြီးများရုံးနေရာကို Anawmar Art Group Co., Ltd မှ လုပ်ပိုင်ခွင့် ရရှိထားပြီး ပြင်ဆင်မှုများ ပြုလုပ်နေကာ ဝင်ကြေးအဖြစ် တစ်ယောက်လျှင် ၃၀၀၀ ကျပ်၊ အသက် ၁၂ နှစ်အောက် ကျပ် ၁၀၀၀ ကောက်ခံနေကာ နိုင်ငံခြားသားတစ်ဦးလျှင် ၆ ဒေါ်လာ၊ ၁၂ အောက်ကလေး ၃ ဒေါ်လာ ဖြစ်သည်။

ယနေ့ ဇူလိုင် ၂၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်းသည် Anawmar Art Group Co., Ltd မှ တာဝန်ရှိသူများအား  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ခန်းမ(၄)၌ လက်ခံတွေ့ဆုံခဲ့ပြီး ဝန်ကြီးများရုံး (ယခင် အတွင်းဝန်ရုံး) တွင် “၈၈၈၈” အထိမ်းအမှတ်ပြခန်း ဖွင့်လှစ်ဆောင်ရွက်မည့် အစီအစဉ်များကို ကုမ္ပဏီလီမီဘက်မှ  ရှင်းလင်းတင်ပြခဲ့သည်ဟု ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

“ ကုမ္ပဏီကတော့ အတွင်းဝန်ရုံးကြီးတစ်ခုလုံးကို လေ့လာချင်သူတွေကိုတော့ နှုန်းထားတစ်ခု ကောက်ပြီး ဝန်ဆောင်မှုပေးနေတယ်။ ကျွန်တော်တို့ကတော့ အခကြေးငွေ မယူပါဘူး။ အလှူခံပုံးတော့ ထားထားမယ်။ အဓိက ရည်ရွယ်ချက်ကတော့ ပြည်တွင်းပြည်ပ ပရိသတ်ကို ရှစ်လေးလုံး လူထုအရေးတော်ပုံအကြောင်း အသိအမြင်ပေးဖို့ရယ်၊ ပရိသတ်များလာတဲ့အခါ လှူဒါန်းငွေများလာတဲ့အခါ ပြတိုက်ရေရှည်တိုးချဲ့ထိန်းသိမ်းနိုင်ရေးအတွက် တစ်နည်းအားဖြင့် အထောက်အပံဖြစ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စဉ်းစားဆောင်ရွက်တာပါ” ဟု ဦးရဲနိုင်အောင်က ထပ်မံပြောဆိုသည်။

အတွင်းဝန်ရုံးတွင် ရှစ်လေးလုံးအထိမ်းအမှတ် ပြတိုက် ဖွင့်မည့်အစီအစဉ်ကို လာမည့် ရှစ်လေးလုံး နှစ်ပတ်လည်နေ့တွင်  ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေပြီး အဆိုပါနေ့တွင် မဖွင့်နိုင်ပါက အမြန်ဆုံး ဖွင့်လှစ်နိုင်ရေး လုပ်ဆောင်နေကြောင်း သိရသည်။

လတ်တလောညှိနှိုင်းချက်များအရ ပြတိုက်ဖွင့်ဖြစ်ပါက ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားနေ့မျိုးကို ပြည်သူများကို အခမဲ့ ဝင်ခွင့်ပြုရန် သဘောတူထားသည်ဟု ပြတိုက်ဖြစ်မြောက်ရေး တာဝန်ရှိသူများက ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly