နည်းပညာချွတ်ယွင်းချက်ကြောင့် ဆိုင်းငံ့ခဲ့ရတဲ့ လကမ္ဘာသွား အာကာသယာဉ် အိန္ဒိယအောင်မြင်စွာ လွှတ်တင်

နည်းပညာချွတ်ယွင်းချက်ကြောင့် ဆိုင်းငံ့ခဲ့ရတဲ့ လကမ္ဘာသွား အာကာသယာဉ် အိန္ဒိယအောင်မြင်စွာ လွှတ်တင်

နယူးဒေလီ၊ ဇူလိုင် ၂၂ ။              ။ အိန္ဒိယနိုင်ငံဟာ နည်းပညာချွတ်ယွင်းချက်ကြောင့် ဆိုင်းငံ့ခဲ့ရတဲ့ လကမ္ဘာသွား အာကာသမစ်ရှင်ကို သီတင်းတစ်ပတ်အကြာ ဇူလိုင် ၂ ရက်နေ့မှာ ပြန်လည်စတင်ပြီး အောင်မြင်စွာ လွှတ်တင်လိုက်နိုင်ပြီ ဖြစ်ပါတယ်။

နိုင်ငံရဲ့ ဒုတိယမြောက် အခု လကမ္ဘာမစ်ရှင်ကို Chandrayaan 2 လို့ နာမည်ပေးထားပြီး Satish Dhawan Space Centre ကနေ လွှတ်တင်လိုက်တာကို Doordarshan နိုင်ငံပိုင်ရုပ်သံနဲ့ အိန္ဒိယအာကာသသုတေသနအဖွဲ့ ISRO ရဲ့ ဝက်ဘ်ဆိုက်နဲ့ လူမှုမီဒီယာတွေမှာ ဗီဒီယို ထုတ်လွှင့်ခဲ့ပါတယ်။

ပြည်တွင်းဖြစ် Mark 3 ဒုံးပျံကို ဒေသစံတော်ချိန် နေ့လယ် ၂ နာရီ ၄၃ မိနစ်မှာ လွှတ်တင်လိုက်ချိန်မှာ သိပ္ပံပညာရှင်တွေရဲ့ ကျယ်လောင်စွာ ဂုဏ်ယူအော်ကြွေးသံကိုလည်း ကြားရပါတယ်။

အိန္ဒိယရဲ့ အခု လကမ္ဘာသွားအာကာသယာဉ်ဟာ လရဲ့ မစူးစမ်းရသေးတဲ့ တောင်ဝင်ရိုးစွန်းနားဆီ ဆိုက်ရောက်မှာ ဖြစ်ပြီး စူးစမ်းရှာဖွေမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

“ဒီကနေ့ဟာ အိန္ဒိယရဲ့ သိပ္ပံနဲ့ နည်းပညာမှာ သမိုင်းတင်တဲ့ နေ့တစ်နေ့ပါပဲ။”လို့ ISRO အကြီးအကဲ ကေစီဝန်က အာကာသယာဉ်လွှတ်တင်အပြီးမှာ ထိန်းချုပ်ခန်းကနေ မိန့်ခွန်းပြောပါတယ်။

“လကမ္ဘာဆီ အိန္ဒိယရဲ့ သမိုင်းဝင်ခရီးစဉ်ကို စတင်ပါပြီ။ လရဲ့ တောင်ဝင်ရိုးစွန်းနားဆီ ဆင်းသက်မှာ ဖြစ်ပြီး စူးစမ်းရှာဖွေမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။”လို့ ၎င်းက ပြောပါတယ်။

အခု လွှတ်တင်မှုကို အရင် ဇူလိုင် ၁၅ ရက်မှာ လွှတ်တင်ဖို့ ဖြစ်ပေမယ့် လွှတ်တင်ခါနီး တစ်နာရီအလိုမှာ လွှတ်တင်ယာဉ်မှာ နည်းပညာချွတ်ယွင်းမှု ရှိကြောင်း တွေ့ရှိပြီး လွှတ်တင်မှုကို ရပ်ဆိုင်းခဲ့တာပါ။

အခု လဆင်းယဉ်ဟာ ဒီကနေ့ လွှတ်တင်တဲ့ ရက်ကစလို့ ၄၈ ရက်မြောက် အောက်တင်ဘာ ၇ ရက်မှာ လမျက်နှာပြင်ကို ဆင်းသက်မှာ ဖြစ်ကြောင်း ခန့်မှန်းထားပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ပထမဆုံးလကမ္ဘာမစ်ရှင် Chandrayaan 1 ကို ၂၀၀၈ ခုနှစ်က အောင်မြင်စွာ လွှတ်တင်ထားတာ ဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly