ကာတွန်းအပေါ် ကျေနပ်မှုမရှိဘဲ လုပ်စရာရှိသည်များ ဆက်လုပ်သွားမည်ဟု ကာယကံရှင်ကျောင်းသူ ပြောဆို

By ကရိုင်နူးရာ
22 July 2019
ကာတွန်းအပေါ် ကျေနပ်မှုမရှိဘဲ လုပ်စရာရှိသည်များ ဆက်လုပ်သွားမည်ဟု ကာယကံရှင်ကျောင်းသူ ပြောဆို

ဇူလိုင် ၂၂ ရက်။           ။ ကာတွန်းဆရာ ကာဠု(ပြည်) ရေးဆွဲသရုပ်ဖော်ခဲ့မှုအပေါ် ကျေနပ်မှုမရှိဘဲ လုပ်ဆောင်စရာရှိသည်များ ဆက်လက်လုပ်ဆောင်သွားမည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ အဖွဲ့ချုပ်အဖွဲ့ဝင် မအိသီရိကျော်က ပြောသည်။

'' ကာတွန်းဆိုပေမယ့် ဒီကိစ္စက ကာတွန်းနဲ့မတူဘူးလို့ ထင်တယ်။ ဒါက ပုဂ္ဂိုလ်ရေးထိခိုက်တာ ဖြစ်တယ်။ ပုံကို ကြည့်လိုက်တဲ့့အခါမှာ လိင်ပိုင်းဆိုင်ရာ ပိုပြီးပေါ်လွင်အောင် တင်တွေ၊ ရင်တွေ အသားပေးပြီးဆွဲထားတယ်။ သူပြောတဲ့ စကားတွေက လိင်ပိုင်းဆိုင်ရာကို ပိုပြီးဖြစ်စေတယ်လို့ ထင်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ညီမဘက်ကတော့ မကျေနပ်ဘူး။ ညီမနဲ့ အချို့ကျောင်းသူကျောင်းသားတွေကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆက်လုပ်စရာတွေတော့ ရှိပါတယ်။" ဟု မအိသီရိကျော်က ဇူလိုင် ၂၂ ရက်တွင် မဇ္ဈိမနှင့်တွေ့ဆုံစဉ် ပြောသည်။

ဇူလိုင် ၂၀ ရက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တက္ကသိုလ်တွင် ကျင်းပသော မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်ပွဲသို့ လာရောက်စဉ် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဦးဆောင်သော ကျောင်းသား ၂၀ ဦးခန့်က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ယင်းတွင် မအိသီရိကျော် ကိုင်ဆောင်ထားသည့် “ ကျောင်းသူတွေ လိင်အကြမ်းဖက်ခံရတာ ဘယ်လိုဖြေရှင်းပေးမှာလဲ” ဆိုင်းဘုတ်အား ကာတွန်းဆရာ ကာဠု(ပြည်)က “ နင့်ဆန္ဒ မပါဘဲနဲ့ နင်လိုဟာကို ဘယ်သူကအကြမ်းဖက်မှာလဲ” ဟု သရုပ်ဖော်ကာတွန်းရေးဆွဲခဲ့ခြင်း ဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး နှစ်ဖက်အကြား အပြန်အလှန်ပြောဆိုမှုများ ရှိခဲ့ပြီး လူမှုကွန်ရက်ပေါ်တွင် လူအများအပြားက မိန်းကလေးတစ်ဦးအား ယင်းသို့ပြောဆိုသရုပ်ဖော်ခြင်းအား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။

ဇူလိုင် ၂၂ ရက်နေ့လယ်ပိုင်းက ကာတွန်းဆရာ ကာဠု(ပြည်)က '' မြန်မာနိုင်ငံကျောင်းသားကျောင်းသူများအား ကျွန်တော် ရေးဆွဲခဲ့သည့် ကာတွန်းအပေါ်တောင်းပန်ဝန်ချခြင်း...ကျနော်ရေးဆွဲခဲ့သည့် ကာတွန်းတွင် ရေးသားသုံးနှုန်းသည့် စကားလုံးမှာ ရင့်သီးရိုင်းစိုင်းသွားပါသဖြင့် ကာယကံရှင်နှင့် ကျောင်းသား၊ ကျောင်းသူ အားလုံးအား ကျနော်မှားသွားကြောင်း နှင့် မြန်မာနိုင်ငံ၊ကာတွန်းအစည်းအရုံးအား တောင်းပန်အပ်ပါသည်ခင်ဗျာ " ဟု လူမှုကွန်ရက်စာမျက်နှာတွင် တောင်းပန်စာ ရေးသားခဲ့သည်။

သို့ရာတွင် ကာယကံရှင် မအိသီရိကျော်က ''ဒီလို လွယ်လွယ်နဲ ့ တောင်းပန်မှုကို လက်မခံပါဘူး။ မကျေအေးပေးနိုင်ပါဘူး ” ဟု လူမှုကွန်ရက်တွင် ယနေ့ တုံ့ပြန်ရေးသားထားသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်တွင် ဗကသများအဖွဲ့ချုပ်မှ ကျောင်းသား ၂၀ ဦးခန့်က ဆဲဗင်းဂျူလိုင်နေ့က ချီတက်လမ်းလျှောက်မှုကြောင့် ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခြင်းခံထားရသော ကျောင်းသားများကို ချက်ချင်း လွှတ်ပေးရန်၊ မတရားဖမ်းဆီးခံထားရသည့် မန္တလေးတိုင်းဒေသကြီး၊ အောင်သပြေကျေးရွာမှ ကိုးတန်းကျောင်းသား လွတ်မြောက်ရန်၊ ဖိနှိပ်သော အဆောင်စည်းကမ်းများ ချက်ချင်းဖျက်ရန်၊ ကျောင်းသူများ လိင်အကြမ်းဖက်ခံနေရခြင်းကို ဖြေရှင်းပေးရန်၊ တက္ကသိုလ်ရာပြည့် အကြောင်းပြ မဲဆွယ်ဖို့ မစဉ်းစားလေနဲ့ စသည့် အချက်များ တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

ယင်းသို့ ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားအခွင့်အရေး ၊ ပညာရေးဆိုင်ရာ အခွင့်အရေးများကို တောင်းဆိုခဲ့ရာတွင် “တက္ကသိုလ်ရာပြည့် အကြောင်းပြ မဲဆွယ်ဖို့ မစဉ်းစားလေနဲ့” ဆိုသည့် စာသားပါဝင်သော ဆိုင်းဘုတ်ကိုလည်း လူအများက ဝေဖန်ပြောဆိုမှုများရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required