နယ်ပယ်အစုံမှာ အသုံးပြုတဲ့ သီချင်းများ အသုံးပြုခအားလုံးကို ကောက်ခံရန် ဆောင်ရွက်နေပြီ

နယ်ပယ်အစုံမှာ အသုံးပြုတဲ့ သီချင်းများ အသုံးပြုခအားလုံးကို ကောက်ခံရန် ဆောင်ရွက်နေပြီ

ရန်ကုန်၊ ဇူလိုင် ၂၂ ။      ။ ပလက်ဖောင်းနယ်ပယ်အစုံမှာ အသုံးပြုနေတဲ့ တေးသီချင်းအသုံးပြုခတွေကို ဒေတာဘေ့စ်တစ်ခု တည်ဆောက်ပြီး ကောက်ခံသွားနိုင်ဖို့ ဆောင်ရွက်နေပြီလို့ မြန်မာနိုင်ငံဂီတအစည်းအရုံးမှ သိရပါတယ်။

“ တကယ်လို့ တင်ဒါကိစ္စပြီးသွားလို့ တင်ဒါအောင်မြင်တဲ့ကုမ္ပဏီတစ်ခုကို ဒီအနုပညာကြေးတွေနဲ့ ပတ်သက်ပြီးတော့ ခွဲဝေပေးဖို့ လုပ်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့တွေ ဂီတအစည်းအရုံးကို အပ်နှံတဲ့ သီချင်းများကိုပဲ ဆက်လက်ဆောင်ရွက်ပေးသွားမှာပါ။ အဲဒီအတွက်ပဲလည်း အနုပညာသမားတွေအားလုံးကို အပ်နှံစေချင်တယ်ဆိုရင် ခေါ်ပြီးတော့ လက်မှတ်ထိုးခိုင်းသွားဖို့ ကြေညာသွားမှာဖြစ်ပါတယ်”လို့ အထွေထွေ အတွင်းရေးမှူး ဦးဇော်ထူးအောင်က ပြောပါတယ်။

ဇူလိုင် ၂၂ ရက်က ရန်ကုန်မြို့၊ တာမွေမြို့နယ်မှာရှိတဲ့ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) အလုပ်အမှုဆောင်အဖွဲ့အသစ်ရဲ့ (၁) နှစ်ခွဲကာလအတွင်း ဆောင်ရွက်ခဲ့တဲ့ အခြေအနေတွေနဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

လတ်တလောမှာတော့ တစ်ပုဒ်ဘယ်လောက်နှုန်းနဲ့ ကောက်ခံမယ်လို့ မသတ်မှတ်ရသေးပေမဲ့ ဂီတအစည်းအရုံး ဘက်မှ ရရှိငွေရဲ့ ၁၅ ရာခိုင်နှုန်း ကောက်ခံဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။

လက်ရှိမှာ တင်ဒါဝင်ပြိုင်ထားတဲ့ ဆော့ဝဲကုမ္ပဏီ ၁၀ ခုထဲမှာ ၆ ခုကို ဆန်ခါတင်ရွေးချယ်ထားပြီး လာမဲ့ ဇူလိုင် ၃၀၊ ၃၁ ရက်တွေမှာ အပြီးသတ် ရွေးချယ်သွားမှာပါ။

နိုင်ငံခြားသီချင်းတွေကို ကော်ပီယူပြီး သီဆိုထားတဲ့ သီချင်းတွေနဲ့ပတ်သက်လို့ ဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးတင်ဦးလေးက “ ကိုယ့်ပစ္စည်းမဟုတ်ဘဲ ကိုယ်က လိမ်ညာယူထားတယ်ဆိုရင်တော့ စားတုန်းကတော့ စားလာခဲ့ပြီးပြီ။ ပေးရမယ်ဆိုရင်တော့ ကိုယ်က ရင်ဆိုင်ရမှာပဲ။ အန်ကယ့်အမြင်ပေါ့။ ဒါပေမယ့် ကာယကံရှင်တွေက ဘယ်လိုတွေဆန္ဒရှိမလဲတော့ မသိဘူးပေါ့လေ” လို့ သူကဆိုပါတယ်။

ဒီလို ကောက်ခံရရှိထားတဲ့ တေးသီချင်းအသုံးပြုခကို ဆို၊ ရေး၊ တီး၊ ဖမ်း၊ စက်မှု၊ ထုတ်လုပ်သူ သက်ဆိုင်ရာ ပါဝင်ပတ်သက်သူအားလုံးက ရရှိသွားမှာ ဖြစ်ပြီး FM၊ TV Channel တွေ အပြင် စီးပွားရေးဝန်ဆောင်မှုအတွက် အသုံးပြုသူတွေဆီက ကောက်ခံသွားမှာလည်း ဖြစ်ပါတယ်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly