ရန်ကုန်၊ ဇူလိုင်လ ၂၂ ။ ။ ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်လ ၂၁ ရက်နေ့ အထိ စာရင်းများအရ ရာသီတုပ်ကွေး H1N1 ကြောင့် သေဆုံးသူ ၆၅ ဦးအထိ ရှိလာကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က ထုတ်ပြန်ကြေညာခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့က သေဆုံးသူ ၆၃ဦးသာ ရှိခဲ့သော်လည်း ၃ ရက်အတွင်း သေဆုံးသူ ၂ ဦးထပ်မံ ရှိလာကြောင်း အဆိုပါ ၆ လ ကျော်အတွင်း ရာသီတုပ်ကွေး H1N1 သံသယရှိသူ လူနာ ၈၂၄ ဦး ကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ H1N1 ရောဂါပိုးတွေ့ရှိသူ ၃၄၉ ဦးရှိခဲ့ပြီး ယင်းအနက် မှာ ၆၅ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။
ရာသီတုပ်ကွေးကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် သေဆုံးသူ ၅၂ ဦးဖြင့် အများဆုံးရှိနေပြီး ဧရာဝတီတိုင်း ဒေသကြီးတွင် ၄ ဦး ၊ မွန်ပြည်နယ်တွင် ၃ ဦး ၊ ပဲခူးတိုင်း နှင့် စစ်ကိုင်းတိုင်းတို့တွင် ၂ ဦးစီ နှင့် ကချင်ပြည်နယ် နှင့်မကွေးတိုင်းတို့၌ ၁ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က ထုတ်ပြန်ကြေညာ ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၂ ခုအနက် ကျောက်တန်း ၊ ကျောက်တံတား ၊ တိုက်ကြီး ၊ ခရမ်း၊ ဒဂုံ ၊ တာမွေ ၊ လမ်းမတော်၊ ဗဟန်း ၊ လသာ ၊ ကမာရွတ် ၊ အင်းစိန် ၊ ဒလ နှင့် တောင်ဥက္ကလာပ မြိုှု့နယ်များတွင် H1N1 ရာသီတုပ်ကွေးကြောင့် သေဆုံးမှုမရှိသေးကြောင်း သိရသည်။
ရာသီတုပ်ကွေးရောဂါကြောင့် ၂၀၁၇ ခုနှစ်တွင် သေဆုံး ၃၈ ဦးသာရှိခဲ့သော်လည်း ယခုနှစ် ဇူလိုင်လ တတိယ အပတ်အထိ သေဆုံးသူ ၆၅ ဦးအထိ သိသိသာသာတိုးမြင့်လာခြင်း ဖြစ်သည်။
ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ရာသီတုပ်ကွေး H1N1 နဲ့ပတ်သက်ပြီး ရောဂါတားဆီး ကာကွယ်ရေးနှင့် ပညာပေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။