တူရကီမြို့တော် မီးရထားဘူတာရုံအနီး ဗုံးပေါက်ကွဲမှုနှစ်ခုတွင် အနည်းဆုံး လူ၉၅ဦးသေဆုံး

တူရကီမြို့တော် မီးရထားဘူတာရုံအနီး ဗုံးပေါက်ကွဲမှုနှစ်ခုတွင် အနည်းဆုံး လူ၉၅ဦးသေဆုံး

အန်ကာရာ၊ အောက်တိုဘာ-၁၁ ။ ။ အောက်တိုဘာလ ၉ရက်က အန်ကာရာရှိ ပင်မမီးရထားဘူတာရုံအနီး ငြိမ်းချမ်းရေးစုရုံးပွဲတစ်ခုတွင် အားပြင်းသည့်ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ရာ အနည်းဆုံး လူ ၉၅ဦးသေဆုံးပြီး ၂၄၆ဦး ဒဏ်ရာရရှိသွားခဲ့သောကြောင့် တူရီမြို့တော်၏ လတ်တလောနှစ်များအတွင်း အသေအပျောက်အများဆုံး တိုက်ခိုက်မှု ဖြစ်ခဲ့သည်။

စနေနေ့နှောင်းပိုင်းက ဝန်ကြီးချုပ်ရုံးမှ ကြေညာခဲ့သည့် အသေအပျောက်စာရင်း အရေအတွက်မှာ တူရကီ ဆေးဘက်ဆိုင်ရာအသင်းမှ အစောပိုင်းက ထုတ်ပြန်ခဲ့သည့် ကိန်းဂဏန်းအရေအတွက်ထက် လျော့နည်းနေသည်။ လူ ၉၇ဦးသေဆုံးပြီး ၄၀၀ကျော် ဒဏ်ရာရရှိခဲ့သည်ဟု ထိုအသင်းက ပြောကြားခဲ့သည်။ ဝန်ကြီးချုပ်ရုံးကမူ ဒဏ်ရာရသူ ၄၈ယောက်ကို အထူးကြပ်မက်ကုသနေသည်ဟု ပြောကြားခဲ့သည်။ ဝန်ကြီးချုပ်ရုံးမှ ထုတ်ပြန်သည့် အရေအတွက်မှာ မည်သည့်အတွက်ကြောင့် နိမ့်ကျနေရသည်ကိုမူ ကွဲကွဲပြားပြားမသိရပေ။

ကာဒစ်လိုလားသည့် HDP (သို့မဟုတ်) ပြည်သူ့ဒီမိုကရတ်ပါတီကို ထောက်ခံသူများ ပါဝင်သည့် ငြိမ်းချမ်းရေးချီတက်ပွဲအတွင်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားလာခဲ့ခြင်ပင်ဖြစ်သည်။ သေဆုံးဒဏ်ရာရသူအများစုမှာ ကာဒစ်အလုပ်သမားပါတီ (PKK)နှင့် တူရကီအစိုးရကြား အသစ်ပြန်လည် ဖြစ်ပွားလာသည့် ပဋိပက္ခများကို အဆုံးသတ်ရန် တောင်းဆိုသည့် နေ့လယ်ခင်း ဆန္ဒပြပွဲကို တက်ရောက်လာကြသူများပင် ဖြစ်သည်။

ဗုံးများပေါက်ကွဲချိန်တွင် ဧရိယာအတွင်း၌ လူ ၁၄၀၀၀ခန့် ရှိနေသည်။ အသေခံဗုံးခွဲသမား နှစ်ယောက်က ဖောက်ခွဲခဲ့သည်ဟု ယူဆရကြောင်း တူရကီဝန်ကြီးချုပ် အာမတ် ဒါဗူတိုဂလူက တိုင်းပြည်သို့ ပြောကြားခဲ့သည့် ရုပ်သံမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

''စုစုပေါင်း လူ ၉၇ယောက် အသတ်ခံခဲ့ရတယ်။ ၆၈ယောက်က နေရာမှာတင် ပွဲချင်းပြီး သေဆုံးတယ်။ ၂၉ယောက်က ဆေးရုံရောက်ပြီးမှ သေဆုံးရတယ်''ဟု တူရကီဆေးအသင်းကြီး၏ အကြီးအမှူးကောင်စီ အဖွဲ့ဝင် ဒေါက်တာ ဟူဆီရင် ဒီမီရာဒီဇင်က ပြောကြားခဲ့သည်။ နိုင်ငံတော်ရွေးကောက်ပွဲများ မကျင်းပမီ ရက်သတ္တသုံးပတ်အလိုတွင် ယခုကဲ့သို့ တိုက်ခိုက်မှု ဖြစ်ပွားလာခဲ့ခြင်းပင် ဖြစ်သည်။

လူမှုမီဒီယာပေါ် တင်လာသည့် ဗွီဒီယိုတစ်ခုတွင်မူ နောက်ခံတွင် အဝါရောင်ပေါက်ကွဲမှုကြီး ဖြစ်ပေါ်မလာမီတွင် လူငယ်အဖွဲ့တစ်ဖွဲ့မှာ ကခုန်နေကြပြီး၊ နောက်ပိုင်းတွင် လူအုပ်ကြီးမှာ ပေါက်ကွဲရာနေရာမှ ဝရုံးသဉ်းကား ပြေးထွက်လာပုံများကို မြင်တွေ့ကြရသည်။

တိုက်ခိုက်မှု၏ နောက်ဆက်တွဲအနေဖြင့် မည်သည့်အဖွဲ့ကမျှ ၎င်းတို့၏ လက်ချက်ပါဟု ကြေညာခြင်းမရှိသေးဘဲ၊ ရုပ်အလောင်းများကို ဘူတာရုံရှေ့ ဟစ်ပိုဒရမ်လမ်းပေါ်တွင် တန်းစီချထားရာ ရဲရဟတ်ယာဉ်တစ်စင်းက အထက်ကောင်းကင်တွင် ဝိုင်းပတ်ပျံသန်းနေစဉ် ရပ်ကြည့်နေသူများနှင့် ဆေးလုပ်သားများက ဒဏ်ရာရသူများကို ပြုစုနေကြသည်ဟု ဆိုသည်။

ပေါက်ကွဲမှုများမှာ ပြင်းထန်လွန်းသောကြောင့် အနီးအနားရှိ အထပ်မြင့်အဆောက်အအုံများပင် တုန်ခါသွားရပြီး သေဆုံးမှုစာရင်းမှာလည်း ထပ်မံမြင့်တက်လာဖွယ်ရာ ရှိသည်ဟု ဆိုသည်။ ချက်ချင်းဆိုသလိုပင် အိုင်အက်စ်အကြမ်းဖက်အုပ်စု (သို့မဟုတ်) တူရကီမှ ကာ့ခွဲထွက်ရေးသမားများ၏ လက်ချက်ဖြစ်နိုင်သည်ဟူသော သံသယများလည်း ထွက်ပေါ်လာခဲ့သည်။

ဝန်ကြီးချုပ် ဒါဗူတိုဂလူက သုံးရက်တာ ဝမ်းနည်းပူဆွေးမှုအထိမ်းအမှတ် ကျင်းပရန်နှင့် တောင်းဆိုခဲ့ပြီး နိုင်ငံအားလည်း အကြမ်းဖက်မှုကို ဆန့်ကျင်တိုက်ဖျက်ကြရန် တိုက်တွန်းခဲ့သည်။

''ဒါက တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့ကို ပစ်မှတ်ထားတိုက်ခိုက်တာမဟုတ်ပါဘူး။ တစ်နိုင်ငံလုံးနဲ့ ကျနော်တို့ရဲ့ စည်းလုံးမှုကို တိုက်ခိုက်တာပါ။ တူရကီဟာ ဒေသတွင်းမှာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းလာနိုင်ခဲ့တဲ့ နိုင်ငံပါ''ဟု ၎င်းက ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly