အမျိုးသမီးများတွေလည်း ဆံပင်ထိပ်ပြောင်နိုင်တယ်ဆိုတာ သိရဲ့လား

အမျိုးသမီးများတွေလည်း ဆံပင်ထိပ်ပြောင်နိုင်တယ်ဆိုတာ သိရဲ့လား

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ဆံပင်ထိပ်ပြောင်ခြင်းကို ဆေးပညာအရ Androgenetic Alopecia လို့ခေါ်ပြီး အမျိုးသားတွေ အသက်ကြီးလာတဲ့အခါ အလွန်အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ အမျိုးသမီးတွေမှာတော့ ဖြစ်နိုင်ခြေနည်းတယ်လို့ ဆိုနိုင်ပေမယ့် လုံးဝထိပ်မပြောင်နိုင်တာတော့ မဟုတ်ပါဘူး။

ပုံမှန်အားဖြင့် အမျိုးသမီးတွေမှာ တစ်နေ့လျှင် ဆံပင် ၅ဝမှ ၁၀၀ ကြားထိ ကျွတ်တတ်ပါတယ်။ ထိပ်ပြောင်ခြင်း ဖြစ်တဲ့အခါ ကျွတ်သွားတဲ့နေရာမှာ အရင်ကလို ဆံပင်အမြန်ပြန်မပေါက်လာတော့ဘဲ တော်တော်လေး ကြာနေတတ်ပါတယ်။ ဒီအဆင့်မှာ ဆံသားမွေးညင်းပေါက်တွေ ကျုံ့သွားပြီး ဆံလုံးတွေ ပါးလာမယ်။ ဆံပင်မသန်တော့တဲ့အခါ နေရောင်ခြည်နဲ့ ထိတွေ့မှုများတာ၊ သေချာဆံသားထိန်းသိမ်းမှုမလုပ်တာ၊ မကြာခဏဆိုသလို ဆံပင်ပုံသွင်းတာတွေကြောင့် ဆံသားကျိုးကြေပျက်စီးဖို့ ပိုလွယ်နိုင်ပါတယ်။

အမျိုးသားတွေမှာ ထိပ်ပြောင်တဲ့အခါ နဖူးရဲ့ ဘေးနှစ်ဖက်ခြမ်းကနေ “ဂ” ပုံစံဖြင့် ပါးသွားတတ်ပြီး တဖြည်းဖြည်းနဲ့မှ ကျန်တဲ့နေရာတွေ ဆံပင်ပါးလာတာပါ။ အမျိုးသမီးတွေမှာ ထိပ်ပြောင်ခြင်းဖြစ်တဲ့အခါ ဦးခေါင်းရဲ့ နေရာအနှံ့မှာ ဆံပင်ပါးလာပြီး အထူးသဖြင့် ဘေးပတ်ပတ်လည်တွေမှာ ပိုပါးလာတတ်ပါတယ်။ အမျိုးသားတွေလိုတော့ တစ်ခေါင်းလုံး ဆံပင်ပြန်မပေါက်တော့တဲ့အထိ ထိပ်ပြောင်ခြင်းတော့ မရှိပါဘူး။
အမျိုးသမီးများ ထိပ်ပြောင်ခြင်း အဆင့် (၃) ဆင့်

အဆင့် (၁) – ဘေးပတ်ပတ်လည်မှာ ဆံပင်တွေ ပါးလာခြင်း

အဆင့် (၂) – ထိပ်ပြောင်တဲ့နေရာ ကျယ်လာပြီး ဆံပင်တွေ ကွက်ကျားပေါက်နေခြင်း

အဆင့် (၃) – ထိပ်ပြောင်ရန် လမ်းကြောင်းတစ်ခုအနေနဲ့ ရှင်းရှင်းလင်းလင်း မြင်ရခြင်း ဆိုပြီး အဆင့် ၃ဆင့် ခွဲခြားလို့ ရပါတယ်။
မျိုးရိုးဗီဇနဲ့ သက်ဆိုင်လား။

ဆံပင်ကျွတ်ခြင်း၊ ဆံပင်ထိပ်ပြောင်ခြင်းတွေဟာ မိဘမျိုးရိုးကနေ တစ်ဆင့် ကူးစက်နိုင်ပါတယ်။ အမေတွေမှာ ဆံပင်ပါးတဲ့ မျိုးရိုးလိုက်ရင်၊ အဖေဘက်မှာ ထိပ်ပြောင်ရင်တော့ မွေးလာတဲ့ကလေးမှာလည်း ငယ်စဉ်ကတည်းက ဆံပင်ပါးပြီး ထိပ်ပြောင်နိုင်ခြေ ပိုများပါတယ်။
တခြားဘယ်လိုအကြောင်းရင်းတွေကြောင့် ထိပ်ပြောင်နိုင်လဲ။

  •     အင်ဒိုခရိုင်း (Endocrine) ဟော်မုန်းစနစ် ချို့ယွင်းခြင်း
  •     ကိုယ်ခန္ဓာထဲမှာရှိတဲ့ အကျိတ်ကို ဟော်မုန်းများကို ထုတ်လွှတ်ပေးနေခြင်း
  •     ရာသီလာခြင်း ပုံမှန်မဟုတ်ခြင်း
  •     ဝက်ခြံထွက်တာ ပြင်းထန်လာခြင်း
  •     သွေးဆုံးပြီးနောက် ဟော်မုန်းမျှခြေ ပျက်ယွင်းခြင်း
  •     ကျားဟော်မုန်းများနေခြင်း
  •     မကြာခဏ ဆံပင်ကို အပူပေးပြီး ပုံသွင်းခြင်း၊ ဆေးဆိုးခြင်း
  •     ဆေးလိပ်သောက်ခြင်းတွေကြောင့် အမျိုးသမီးတွေမှာ ပုံမှန်မဟုတ်တဲ့ ဆံပင်ကျွတ်ခြင်း ကြုံလာနိုင်ပါတယ်။

ဘယ်လိုကုသမှုခံယူမလဲ။

ခေါင်းဖြီးနေတဲ့အချိန် ဦးရေပြားတချို့နေရာတွေမှာ ပြောင်နေတယ်၊ ဆံပင်ပါးနေတယ်လို့ ခံစားရတာ၊ ခေါင်းလျှော်စဉ်၊ အိပ်ရာထစဉ် ဆံပင်တွေ ပုံမှန်ထက်ပိုကျွတ်နေပြီဆိုရင်တော့ အရေပြားဆရာဝန်နဲ့ သေချာစစ်ဆေးကြည့်သင့်ပါတယ်။ ဒါမှပဲ သာမန်ဆံပင်ကျွတ်ခြင်းလား၊ ထိပ်ပြောင်ခြင်းလားဆိုတာ ကွဲကွဲပြားပြားသိမှာပါ။ ဆရာဝန်အနေနဲ့ ဦးရေပြားနဲ့ ဆံသားအခြေအနေကို မျက်စိဖြင့် အကဲခတ်ကြည့်ပြီးတဲ့အခါ လိုအပ်ရင် လိုအပ်သလို သွေးစစ်ခြင်း၊ သိုင်းရွိုက်ဟော်ာမုန်း၊ သံဓာတ်၊ ကျားဟော်မုန်း၊ မ ဟော်မုန်းပမာဏတွေကို စစ်ဆေးသွားမှာဖြစ်ပါတယ်။

ပုံမှန်ဆိုရင်တော့ အမျိုးသမီးတွေမှာ အသက် ၄၀၊ ၅၀ နောက်ပိုင်းမှသာလျှင် ထိပ်ပြောင်တတ်ပါတယ်။ စောစီးစွာ သိလျှင် ကုသမှုခံယူဖို့ ပိုလွယ်ကူတဲ့အပြင် မှန်ကန်တဲ့ နေထိုင်စားသောက်မှုပုံစံဖြင့်လည်း ဆံပင်မကျွတ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆရာဝန်အနေနဲ့ ကိုယ့်ရဲ့ အခြေအနေပေါ်မူတည်ပြီး ဆံသားပြန်ပေါက်စေမယ့် ဆေးညွှန်းတာ သို့မဟုတ် သံဓာတ်အားဆေး၊ ဖောလစ်အက်ဆစ် အားဆေး၊ အိုမီဂါ – ၃၊ အိုမီဂါ – ၆ ငါးကြီးဆီဆေးလုံးတွေ သောက်ဖို့ ညွှန်းပေးမှာဖြစ်ပါတယ်။
ထိပ်ပြောင်ခြင်း မဖြစ်စေဖို့ ဘယ်လိုနေထိုင်စားသောက်ကြမလဲ။

  •     တစ်နေ့တာ အာဟာရကို လုံလောက်မျှတစွာ စားပေးပါ။ အထူးသဖြင့် သံဓာတ်အများဆုံးပါဝင်တဲ့ အစိမ်းရောင်ဟင်းရွက်တွေ၊ ပဲတွေကို ပိုစားပေးပါ။
  •     ခဏခဏ ဆံပင်ဖြောင့်တာ၊ ကောက်တာ၊ လှိုင်းအတွန့် ပုံဖော်တာမျိုးတွေဟာ ဆံသားကို ထိခိုက်ကျိုးကြေစေလို့ တတ်နိုင်သလောက်ရှောင်ပါ။
  •     ဆေးလိပ်မသောက်ပါနဲ့။
  •     အပြင်သွားတဲ့အခါ ဦးထုပ် သို့မဟုတ် ထီးဖြစ်ဖြစ် ဆောင်းသွားပါ။
  •     ဆံသားကျန်းမာရေးနဲ့ အလှအပကို သေချာဂရုစိုက်ပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly