ပွစိပွစိပြောတတ်တာ မကောင်းဘူးလို့ ဘယ်သူပြောလဲ

ပွစိပွစိပြောတတ်တာ မကောင်းဘူးလို့ ဘယ်သူပြောလဲ

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

တစ်ယောက်တည်းစကားတွေရေရွတ်တတ်တဲ့ ပွစိလေးတွေကိုဆို အပြစ်ပြောတတ်ကြတယ်။ ဒါပေမယ့် ပွစိပွစိရေရွတ်တာက ကြားရတဲ့သူတွေသာ နားညည်းတာ သူတိို့ကိုယ်တိုင်အတွက်ကျ ကောင်းကျိုးတွေရှိပါတယ်တဲ့။ ကိုယ်က တတွတ်တွတ်နဲ့ ရေရွတ်နေတတ်တဲ့သူဆို ဂုဏ်ယူလိုက်တော့။ ကိုယ်က သိတောင်မသိလိုက်ဘဲ ပွစိပွစိရွတ်ရင်း ဒီအကျိုးကျေးဇူးတွေရနေတာပါနော်။
(၁) အထီးကျန်စိတ် မဖြစ်တော့ဘူး

စကားပြောဖော်ရှိမှ အထီးမကျန်တာမဟုတ်ပါဘူး။ တစ်ယောက်တည်းရှိနေချိန်မှာ ကိုယ့်အသံထွက်ပြီး ခပ်တိုးတိုးစကားပြောရေရွတ်တာလည်း စိတ်ဖြေသိမ့်ရာရနိင်ပါတယ်လို့ စိတ်ပညာရှင်တွေက ပြောပါတယ်။ ကိုယ့်ကိုယ်ကို အားပေးမယ်၊ ကိုယ့်အတွေးတွေကိုယ်ပြန်နားထောင်မယ်၊ ကဲ ဘယ်လောက်အဖော်ရလဲ။ တစ်ခုရှိတာက ကိုယ့်စိတ်နဲ့ကိုယ်ရန်ဖြစ်နေပြီ၊ တစ်ယောက်တည်းရန်ဖြစ်နေပြီဆိုရင်တော့ အခြေအနေမကောင်းဘူးပေါ့။
(၂) ဦးနှောက်ကို ပိုပြီးအသုံးချနိုင်လာတယ်

စျေးသွားဝယ်စရာရှိတယ်ထား၊ ဝယ်စရာတွေကို မမေ့အောင် ပါးစပ်ကရွတ်နေဖူးတယ်မလား။ စာကျက်သလိုမျိုးပဲ။ တတွတ်တွတ်ရွတ်တာက မှတ်ဉာဏ်တွေကို လှုံ့ဆော်ပေးတယ်လေ။ တစ်ခုခုလုပ်စရာရှိလည်း ငါဒါပြီးရင် ဟိုဟာလုပ်ရမယ်ဆိုတာမျိုး အလုပ်တာဝန်တွေ ကိုုယ့်ကိုယ်ကိုသတိပေးသလိုဖြစ်စေပါတယ်။
(၃) အတွေးတွေကို စီမံနိုင်တယ်

လူဆိုတာဘယ်လောက်တောင်အလုပ်များလဲဆို ခေါင်းထဲမှာ အတွေးပေါင်းသန်းနဲ့ချီပြီး အမြဲရှိနေတာပါတဲ့။ အတွေးတွေက သိစိတ်ထဲမှာရော၊ မသိစိတ်ထဲမှာပါ ရောထွေးနေပြီး သေချာမစီမံနိုင်၊ မရှင်းလင်းနိုင်ရင် အကုန်ပြည့်ကျပ်လွှမ်းမိုးလာနိုင်ပါတယ်(တစ်ခါတလေ ဘာရယ်သေချာမသိဘဲ ခေါင်းရှုပ်နေတာ၊ စိတ်တွေပင်ပန်းနေတာမျိုးက ဒါ့ကြောင့်ပေါ့)။ တစ်ခါတလေ ကလေးတွေလိုမျိုး (မြန်မာဇာတ်ဝင်ခန်းတွေထဲကလို) ကိုယ့်အတွေးနဲ့ကိုယ် စကားတွေပြော၊ တစ်ယောက်တည်း ပါးစပ်ကတတွတ်တွတ်ပြောနေရင်း ဘယ်အတွေးက ကိုယ့်စိတ်ကိုအကြီးမားဆုံးသက်ရောက်နေလဲ သိသာလာနိုင်ပါတယ်။ ဘေးမှာတခြားလူတွေမရှိတဲ့အချိန်ဖြစ်ဖို့တော့လိုတာပေါ့။
(၄) စိတ်ဖိစီးနေတာတွေ သက်သာစေတယ်

တစ်ယောက်တည်းစကားပြောတာက ဖိစီးရှုပ်ထွေးနေတဲ့ကိုယ့်ရဲ့စိတ်ကို ပြေလျော့စေနိုုင်တယ်။ တောင်စဉ်ရေမရတွေ အမောတကောတွေးနေတော့မှာမဟုတ်ဘူး။ စိတ်ကတဖြည်းဖြည်းအနည်ထိုင်ပြီး လုပ်သင့်တဲ့အလုပ်တွေ မြင်လာပါလိမ့်မယ်။ ရင်ဖွင့်ဖော်တစ်ယောက်မလိုဘဲ ရင်ထဲတင်းကျပ်နေတာတွေ၊ ခေါင်းထဲရှုပ်ထွေးနေတာတွေ၊ စိတ်ထဲဖိစီးနေတာတွေ အတိုုင်းအတာတခုအထိ လျော့သွားနိုင်ပါတယ်။
(၅) ကလေးကို စကားပိုတတ်စေတယ်

ကိုယ့်မှာ ကလေးရှိတယ်ဆိုရင် ကလေးရှေ့တတွတ်တွတ်စကားပြောရေရွတ်နေတာနဲ့တင် ကလေးက စကားတတ်မြန်လာနိုင်ပါတယ်။ အမြဲကြားနေရတဲ့စကားတွေကနေ စပြီးသင်ယူတတ်တဲ့အရွယ်မို့ သင်ဖို့ကောင်းတဲ့စကားတွေဖြစ်ဖို့တော့လိုပါတယ်။ ဆဲဆိုတာ၊ ပြစ်တင်တာ၊ ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေသုံးတာ မဖြစ်ဖို့ သတိထားပါ။
(၆) ကိုယ့်ကိုယ်ကို ယုံကြည်မှု မွေးမြူနိုင်တယ်

အသံထွက်ရေရွတ်ကြည့်ခြင်းအားဖြင့် ကိုယ့်အတွေးတွေကို တစ်စချင်းဖြည်ထုတ်နိုင်တော့ ပြဿနာတစ်ခုဖြေရှင်းနိုင်ဖို့ပိုလွယ်သွားနိုင်တယ်။ သူများတွေက လုပ်ဖော်ကိုင်ဖက်တွေ၊ စီနီယာတွေကို အပူကပ်တိုင်ပင်နေရချိန်မှာ ကိုယ်ကတော့ ဘယ်သူမှသိစရာမလိုဘဲ အခြေအနေတွေ ကိုယ်တိုင်သုံးသပ်၊ စဉ်းစား၊ ဆုံးဖြတ်ချက်ချနိုင်နေမှာလေ။

တစ်ယောက်တည်းစကားပြောတယ်ဆိုတိုင်း ရူးနေတာမဟုတ်ပါဘူးနော်။ ငါများရူးနေပြီလားလို့ တွေးမိသေးတယ်ဆို သင်တကယ်မရူးပါဘူးတဲ့။ ဘယ်အရူးကမှ ကိုယ့်ကိုယ်ကို ရူးတယ်မထင်ကြလို့ပါပဲ။ အတွေးတွေ အရမ်းရှုပ်နေတဲ့အချိန်မှာလေ တစ်ယောက်တည်း သီးခြားစကားပြောရင်း ဖြေရှင်းကြည့်ပါ။ ပေါ့ပါးလာပါလိမ့်မယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly