မြောက်ကိုရီးယား ရွေးကောက်ပွဲ ခေါင်းဆောင် ကင်မ်ဂျုံအန်း မဲပေး

မြောက်ကိုရီးယား ရွေးကောက်ပွဲ ခေါင်းဆောင် ကင်မ်ဂျုံအန်း မဲပေး

ဇူလိုင် ၂၂ ။            ။ မြောက်ကိုရီးယားမှာ ဇူလိုင် ၂၁ ရက်က ဒေသန္တရ ရွေးကောက်ပွဲတွေကို ကျင်းပခဲ့ရာ ခေါင်းဆောင် ကင်မ်ဂျုံအန်းလည်း မဲပေးခဲ့ကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

ယခု ရွေးကောက်ပွဲတွေမှာတော့ ဆန္ဒမဲပေးသူ ရာခိုင်နှုန်း ၁၀၀ နီးပါး ရှိခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာမှာ ဖော်ပြပါတယ်။

ပြည်နယ်၊ ခရိုင်၊ မြို့ ဆိုင်ရာ လွှတ်တော်တွေအတွက် ကိုယ်စားလှယ်လောင်းတွေကို အတည်ပြုပေးရတဲ့ ဒီ ရွေးကောက်ပွဲတွေကိုတော့ လေးနှစ်တစ်ကြိမ် ကျင်းပနေတာဖြစ်ပါတယ်။

ယခုနှစ် မဲပေးသူ ရာခိုင်နှုန်းက ၉၉ ဒသမ ၉၈ ရာခိုင်နှုန်း ရှိခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့ ၂၀၁၅ တုန်းကထက် ၀ ဒသမ ၀၁ ရာခိုင်နှုန်း ပိုများလာခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ ပြည်ပခရီး သွားနေသူတွေ၊ နိုင်ငံခြားမှာ အလုပ်သွားလုပ်နေသူတွေကတော့ မဲပေးနိုင်မှာ မဟုတ်ဘူးလို့ KCNA သတင်းအေဂျင်စီက ထုတ်ပြန်ပါတယ်။ ဒါပေမယ့်လည်း အသက်အရွယ် အိုမင်းနေသူတွေ၊ နာမကျန်းဖြစ်နေသူတွေတောင် မဲပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားတို့ရဲ့ ဒီ လေးနှစ်တစ်ကြိမ် ရွေးကောက်ပွဲတွေမှာတော့ ကိုယ်စားလှယ်လောင်းတွေကို တစ်ခုတည်းသော ပါတီက ရွေးချယ်တာဖြစ်ပြီး မဲဆန္ဒနယ်တစ်ခုစီအတွက် ကိုယ်စားလှယ်တစ်ဦးသာ ရှိပါတယ်။ ပုံမှန်အားဖြင့် မဲဆန္ဒရှင် ၉၉ ရာခိုင်နှုန်းကတော့ ဒီရွေးကောက်ပွဲတွေမှာ ပါဝင်မဲပေးကြရပြီး ပြိုင်ဘက်မရှိ ကိုယ်စားလှယ်လောင်းတွေကို အတည်ပြုထောက်ခံမဲ ပေးကြတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly