AA နှင့် တပ်မတော်အကြား တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာပြီးနောက် ဒေသခံများလုံခြုံမှု စိုးရိမ်နေရ

AA နှင့် တပ်မတော်အကြား တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာပြီးနောက် ဒေသခံများလုံခြုံမှု စိုးရိမ်နေရ
ဓာတ်ပုံ - ဟိန်းထက်/EPA

ရန်ကုန် ၊ ဇူလိုင် ၂၂ ။          ။ တပ်မတော်စစ်ရေယာဉ်များကို ရက္ခိုင့်တပ် AA မှ ရှော့တိုက်ဒုံးများဖြင့် နှစ်ရက်ဆက်တိုက် ပစ်ခတ်မှုများ အပြီးတွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လာခြင်းကြောင့် ဒေသခံများ၏ လုံခြုံရေးအနေအထား စိုးရိမ်နေရ သည်ဟု မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးမြသန်းက မဇ္စျိမသို့ပြောသည်။

“စစ်ရေယာဉ်တွေအပစ်ခံရပြီးတဲ့နောက်ပိုင်းမှာ နယ်မြေရှင်းလင်းဖို့ဆိုပြီးဝင်လာပါတယ်။ သူတို့က နယ်မြေ ရှင်းလင်းတယ် ၊ ရွာသားတွေက ထိတ်လန့်ပြီးတော့မှ ထွက်ပြေးကုန်တာ” ဟု ဦးမြသန်းကဆိုသည်။

မြေပုံမြို့နယ် ရေခေါင်းချိန်ရွာ နှင့် ပေါက်တူးတောင်ရွာနှစ်ရွာကြားရှိ မြစ်ဝတွင် တပ်မတော်ရေမှ စစ်သင်္ဘော နှစ်စီး နေရာယူထားပြီးနောက် ရွာအတွင်းသို့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ ရွာသားများမှ စိုးရိမ် ထိတ်လန့်ပြီး နီးစပ်ရာ ရွာသို့ ထွက်ပြေးခဲ့ရသည်ဟုလည်း စုံစမ်းသိရှိရသည်။

တပ်မတော် စစ်ရေယာဉ်များကို ဇူလိုင် ၁၉ နှင့် ၂၀ ရက်နေ့များတွင် ရက္ခိုင့်တပ် AA မှ ရှော့တိုက်ဒုံးဖြင့် နှစ်ရက် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့သလို ရသေ့တောင်၊ ဘူးသီးတောင်၊ မြောက်ဦးမြို့များဘက်တွင်လည်း နှစ်ဖက် တပ်များအကြား စစ်ရေးတင်းမာမှုများ ဖြစ်နေခြင်းကြောင့် ဒေသခံ ပြည်သူများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရဆဲဖြစ်သည်။

လက်ရှိအခြေအနေတွင် ရခိုင်စစ်ဘေးရှောင်များအနေဖြင့် စစ်ဘေးဒဏ်အပြင် မိုးများရေကြီးသည့် ရာသီဥတု ဘေးကိုပါ ခံစားနေရပြီး စစ်ရှောင်စခန်းအချို့ ရေကြီးနစ်မြှုပ်ခဲ့ခြင်းကြောင့် စားနပ်ရိက္ခာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကိုပါ လိုအပ်နေသည်ဟု ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြသန်းက ဆိုသည်။

 “စစ်ဘေးရှောင်တွေနေထိုင်ဖို့အတွက် နေအိမ်လေးတွေကို အစိုးရအနေနဲ့ အဆင်ပြေတဲ့နေရာမှာ မြန်မြန်လေး ဆောက်ပေးစေချင်ပါတယ်။ စားရေးသောက်ရေးက အဓိကလိုအပ်နေတယ်။ ကျန်းမာရေးကုသမှုတွေလည်း လိုအပ်ပါတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်း၌ ရက္ခိုင့်တပ် AA နှင့် တပ်မတော်အကြားတိုက်ပွဲများဖြစ်ပွားလာနေခဲ့ခြင်းသည် လနှင့် ချီကာ ကြာမြင့်လာနေပြီး လက်ရှိ အချိန်အထိ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်။ တိုက်ပွဲဧရိယာသည် တပ်မတော် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ အမ်းမြို့နယ်အနီးတစ်ဝိုက်အထိပင် ကျယ်ပြန့် လာနေပြီလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly