ဒီမိုကရေစီအရေးအတွက် ဟောင်ကောင်မှာ ထောင်ပေါင်းများစွာ ဆန္ဒပြပြန်

ဒီမိုကရေစီအရေးအတွက် ဟောင်ကောင်မှာ ထောင်ပေါင်းများစွာ ဆန္ဒပြပြန်

ဟောင်ကောင်၊ ဇူလိုင် ၂၂ ။          ။ ဟောင်ကောင်မြို့လယ်ကို ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေဟာ ဇူလိုင် ၂၁ ရက်က စုရုံးချီတက်ကြပြီး ဒီမိုကရေစီ တောင်းဆိုဆန္ဒပြကြပါတယ်။

 ဆူပူအကြမ်းဖက်မှုတွေ ထပ်ဖြစ်လာမှာ စိုးရိမ်မှုနဲ့ လမ်းတွေမှာ လုံခြုံရေးတပ်ဖွဲ့တွေ ဖြန့်ကြက်ချထားတဲ့ ကြားကပဲ ခုလို ဆန္ဒပြကြတာပဲ ဖြစ်ပါတယ်။

 တရုတ်ရဲ့ အထူးဒေသဖြစ်တဲ့ ဟောင်ကောင်မှာ အခု ဆန္ဒပြမှုဟာ အစိုးရကို ဆန့််ကျင်တဲ့ သီတင်းခုနစ်ပတ်မြောက် ဆက်တိုက်ဆန္ဒပြမှုပဲ ဖြစ်ပြီး စီစဉ်တဲ့ Civil Human Rights Front အဖွဲ့ကတော့ လမ်းတွေပေါ် စုရုံးချီတက်တဲ့ အင်အားဟာ ၄၃၀၀၀၀ ထက်မနည်းရှိနေတယ်လို့ ဆိုပါတယ်။

ဆန္ဒပြသူတွေဟာ ပြီးခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ ရဲတပ်ဖွဲ့ရဲ့ လူမဆန်စွာ နှိမ်နင်းမှုကို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအတွက်လည်း တောင်းဆိုကြပါတယ်။

 ခုလို အင်အားကြီးမားစွာနဲ့ ဆန္ဒပြမှုကြောင့် ဟောင်ကောင်ရဲတပ်ဖွဲ့အင်အားရဲ့ ဆယ်ပုံတစ်ပုံနီးပါးရှိတဲ့ အင်အား ၃၀၀၀ ကို ဖြန့်ကြက်ချထားရပါတယ်။

 ဒါအပြင်လည်း ဆန္ဒပြပွဲ စီစဉ်သူတွေ အဆိုပြုထားတဲ့ ချီတက်မယ့် လမ်းကြောင်းတွေကို ရဲတပ်ဖွဲ့ဟာ လုံခြုံရေးအကြောင်းပြပြီး လုပ်ရိုးလုပ်စဉ်မဟုတ်ဘဲ ဖြတ်တောက်မှုတွေ ဆောင်ရွက်ထားပါတယ်။

ဟောင်ကောင်အာဏာပိုင်တွေက တရုတ်ပြည်မကြီးဆီ တရားခံလွှဲပြောင်းမယ့် ဥပဒေကြမ်း အတည်ပြုဖို့ လုပ်ဆောင်လာတာကစပြီး ဆန္ဒပြမှုတွေ ဖြစ်ပွားပေါ်ပေါက်လာခဲ့တာပါ။

အာဏာပိုင်တွေဟာ ကြီးမားတဲ့ ဆန္ဒပြမှုတွေ ဖြစ်ပွားပေါ်ပေါက်လာတာကြောင့် အဲဒီဥပဒေကြမ်းကို နိဂုံးချုပ်လိုက်ပြီဖြစ်တယ်လို့ ပြောလာပေမယ့် ဆန္ဒပြသူတွေဟာ အစိုးရနုတ်ထွက်ရေးအထိ တောင်းဆိုလာကြတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags