အစိုးရ လုပ်ကိုင်ဆောင်ရွက်ရသည်မှာ ထွေအုပ်များကြားတွင် အခက်အခဲရှိဟုဆို

အစိုးရ လုပ်ကိုင်ဆောင်ရွက်ရသည်မှာ ထွေအုပ်များကြားတွင် အခက်အခဲရှိဟုဆို

နေပြည်တော်၊ ဇူလိုင်လ ၂၁ ။         ။ အာဏာရပါတီ NLD အစိုးရ အနေဖြင့် လုပ်ကိုင်ဆောင်ရွက်နေရသည့်လုပ်ငန်းများတွင် ခေါက်ရိုးကျိုးနေသည့် ဘောင်အတွင်းမှ ရုန်းမထွက်နိုင်သော အတွေးအခေါ်များရှိသည့် ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန စသည်တို့ကြားတွင်  လုပ်ကိုင်ဆောင်ရွက်နေရသည့်အတွက် အခက်အခဲရှိကြောင်း ပါတီ၏ ဒုဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။

“သူတို့က နှစ်ပေါင်းများစွာ အုပ်ချုပ်ရေးယန္တရားကြီး လည်ပတ်အောင်လုပ်ခဲ့တဲ့အတွက် ကျွန်တော်တို့က အခုဟာ နိုင်ငံရေးက Push လုပ်လာတာ။ အဲ့တော့ အခက်အခဲရှိတာပေါ့”ဟု ဒေါက်တာဇော်မြင့်မောင်ကပြောသည်။

ဇူလိုင်လ ၂၁ ရက်နေ့က နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင်း ကျင်းပပြုလုပ်သည့် NLD CEC အစည်းဝေးပြီးတွင် မီဒီယာ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

၄င်းက ဆက်လက်ပြီး “နောက်ကျောမလုံဘူးဆိုတာ ကျွန်တော်တို့ ဒီစာတွေနဲ့ ပတ်သက်လို့ရှိရင်  ထွက်သမျှ စာတွေ ကြည့်ရတယ်။ ဒီစာတွေ ဟုတ်ရဲ့လား ။ ဝင်တဲ့စာတွေက ဘာတွေလဲ ဆိုတာကြည့်ရတယ်။ ပြောချင်တာက ဒီအဖွဲ့အစည်း တွေက အရင်စနစ်တွေမှာ နေခဲ့ပြီးသားလူတွေ ခင်ဗျားတို့သိပါတယ် ထိပ်ပိုင်းနေရာယူထားတဲ့သူတွေက ဘယ်သူတွေလဲ ဆိုတာ။ အဲ့တော့ လုပ်ရတာ၊ကိုင်ရတာ အခက်အခဲရှိတယ်။ အဲဒါ စိန်ခေါ်မှုပဲပေ့ါနော့”ဟုပြောသည်။

NLD အစိုးရအနေဖြင့်  ၂၀၁၅ ရွေးကောက်ပွဲ ကာလက ပေးထားခဲ့သည့် ရွေးကောက်ပွဲ ကြေညာစာတမ်းတွင်ပါရှိသည့် ကတိများကို ကျေပြွန်အောင် လုပ်ဆောင်နေကြောင်းလည်း ဒေါက်တာဇော်မြင့်မောင်က ဆက်လက်ပြောသည်။

“တစ်ခုတော့ ရှိပါတယ်။ အားလုံး ကျေနပ်လောက်အောင်ကတော့  အားလုံးဆိုတာ ပြောတာနော်။ ၁၀၀ ရာခိုင်နှုန်း ကျေနပ်လောက်အောင်ဆိုတာက ဘယ်သူမှ မလုပ်နိုင်ပါဘူး။ အများကျေနပ်ဖို့ အရေးကြီးပါတယ်”ဟုပြောသည်။

ရွေးကောက်ပွဲကြေညာစာတမ်းတွင်ပါရှိသည့်  အခြေခံဥပဒေပြင်ဆင်ရေး လုပ်ဆောင်ရာတွင် ကန့်သတ်ချက်များရှိနေပြီး ပထမအကြိမ်သက်တမ်းတွင်းကလည်း အောင်မြင်မှုမရရှိခဲ့ကြောင်း ၊ ယခုတစ်ကြိမ်ပြင်ဆင်မှုတွင် လိုအပ်ချက်များ ရှိနေသည့်အတွက်ပြင်ဆင်ရခြင်းဖြစ်ကြောင်းကို ပြည်သူများသိရှိကြကြောင်းနှင့် နောက်ဆုံးတွင် ပြည်သူကသာ အဆုံးအဖြတ်ပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင်က ဆက်လက်ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly