“သရုပ်မှန်လွန်ဝါဒ”ကို ပုံဖော်ထားသည် ဆိုသော ပန်းချီပြပွဲ ပြုလုပ်နေ

By ကရိုင်နူးရာ
21 July 2019
“သရုပ်မှန်လွန်ဝါဒ”ကို ပုံဖော်ထားသည် ဆိုသော ပန်းချီပြပွဲ ပြုလုပ်နေ

ရန်ကုန်၊ ဇူလိုင် ၂၁ ။          ။ “သရုပ်မှန်လွန်ဝါဒ” ဟု အဓိပ္ပါယ်ရသည့် Supernatural Contemporary Art ပြပွဲကို ဒုတိယအကြိမ်အဖြစ် ဇူလိုင် ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ရန်ကုန်မြို့၊ OK Gallery တွင် ပြသနေသည်။

“သရုပ်မှန်လွန်ဝါဒ” ကို ၁၉၂၃ ခုနှစ်၊ ပြင်သစ်နိုင်ငံတွင် စတင်ခဲ့ဖြစ်ပြီး အိမ်မက်ဆန်သည့် ရှုခင်းများ၊ ပုံသဏ္ဍန် ပျက်ယွင်းနေသည့်လူပုံများ စသည့် စိတ်ကူးယဉ်ဆန်၊ သဘာဝလွန်ပုံစံကဲ့သို့ ရေးဆွဲထားခြင်း ဖြစ်သည်။

အချစ်နှင့်ပတ်သတ်သည့် အရာများ၊ ဝေဒနာနှင့်ပတ်သတ်မှုတွေ၊ အိမ်မက်ဆန်ဆန်စိတ်ကူးများကို ပုံဖော် ရေးဆွဲထားသည်ဟု ပန်းချီဆရာညီထွန်းက ပြောသည်။ 

''Supernatural ဆိုတာက သဘာဝလွန်အနေအထားပေါ့။ ၀ါဒအနေနဲ့ ပြောရရင်တော့ Surrealism (သရုပ်မှန်လွန်ဝါဒ) ပေ့ါ။ ဒီ ပြပွဲကို ၀ါဒတူတဲ့လူတွေ စုလုပ်ကြတာ။ နိုင်ငံရေးနဲ့ ပတ်သက်တာဖြစ်ဖြစ်၊ စီးပွားရေးနဲ့ ပတ်သက်တာဖြစ်ဖြစ်၊ လူမှုရေးနဲ့ ပတ်သက်တာဖြစ်ဖြစ် အတွေးတွေကို ပြန်ဖော်ပြတာပါ။ အတွေးတွေကို ဖော်ပြတဲ့နေရာမှာ သရုပ်မှန်ဝါဒအနေနဲ့ရော၊ သရုပ်မှန်ဝါဒကို လွန်လွန်ကျူးကျူးဖော်ပြတဲ့ အိမ်မက်ဆန်တဲ့ အရာမျိုးကို ရေးဆွဲထားတာပါ။'' ဟု ပန်းချီဆရာညီထွန်းက ပြောသည်။ 

ပထမအကြိမ် Supernatural Contemporary Art ပြပွဲကို ၂၀၁၈ ခုနှစ်၊ ဇူလိုင် ၂၁ ရက်မှ  ၂၃ ရက်နေ့အထိ ပန်းချီဆရာ ၅ဦး၏ လက်ရာများကို ပြသခဲ့သေးသည်။

အဆိုပါ ပန်းချီပြပွဲသည် ခေတ်ဟောင်းမှ Surrealism နှင့် မတူကွဲပြားသည့် ခေတ်ပြိုင်ပန်းချီပြပွဲတစ်ခု ဖြစ်ပြီး နိုင်ငံတကာမှ Surrealism ပန်းချီပညာရှင်များနှင့်လည်း အတွေ့အကြုံ ဖလှယ်ချင်သည်ဟု ပန်းချီဆရာ လူမော်ဟန်က ပြောသည်။

"ဒီ ပန်းချီကားတွေကို Surrealism လို့တော့ ခေါ်ကြတာပေါ့။ ကျွန်တော်ကတော့ ခေါင်းစဉ်အောက်မှာ မနေချင်ပါဘူး။ တစ်ပွဲလုံးကကားတွေကို ခြုံပြောရမယ်ဆိုရင် အိုင်ဒီယာပါတဲ့ ပန်းချီကားတွေလို့ပဲ ပြောချင်ပါတယ်။ တွေ့နေကျပန်းချီကားတွေက သဘာဝကို ပိုပြီးရေးကြတာများတယ်လေ။ ကျွန်တော်တို့က သဘာဝကို ကူးရေးတာထက် ကြည့်ရှုတဲ့သူတွေ အတွေးအခေါ်တစ်စုံတစ်ခု ပေးချင်တဲ့ဆန္ဒနဲ့ ရေးကြတာပါ။ ကျွန်တော်ကတော့ Orphan Series ကို ရေးဖြစ်တာပါ။ ကလေးတွေ ကြုံရတဲ့ ဘေးအန္တရာယ်တွေ မလုံခြုံမှုတွေ၊ အခုဖြစ်နေတဲ့ သက်ငယ်မုဒိမ်းတွေ၊ ကလေးအလုပ်သမားတို့၊ ကလေးစစ်သားတို့၊ ကလေးနဲ့ ပတ်သက်ပြီး အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာတွေ ရှိတယ်။ အဲဒါတွေကို ပြောချင်တာ။ ဒါပေမယ့် မိဘမဲ့ကလေးတို့၊ ဆင်းရဲတဲ့ကလေးတွေမှာ ပိုပြီး ဒီလိုဖြစ်တာတွေ့ရတော့ မိဘမဲ့လို့ပဲ ခေါင်းစဉ်ပေးဖြစ်တာပါ "ဟု ပန်းချီဆရာလူမော်ဟန်က ပြောသည်။ 

Surrealism ပန်းချီကားများသည် ဥရောပနိုင်ငံများတွင် ရာစုနှစ်များစွာကတည်းက ထွန်းကားခဲ့သော်လည်း မြန်မာနိုင်ငံတွင်တော့ လူကြိုက်နည်းနေသေးသည်ဟု ပန်းချီဆရာ ညီထွန်းက ဆိုသည်။ 

" မြန်မာပြည်မှာတော့ လူကြိုက်နည်းသေးတယ်။ အာရှပရိသတ်တွေက များသောအားဖြင့် အလှတရားကို ပိုပြီးတော့ ကြိုက်ကြတယ်။ ဒီ Supernatural ရေးတယ်ဆိုတာက အိပ်မက် ဆန်တယ်၊ ခြောက်ခြောက် ခြားခြားတွေ ဖြစ်တယ်၊ ဝေဒနာတွေ ပါလာတယ်၊ အနိဋ္ဌာရုံတွေ ပါလာတယ်၊ နိုင်ငံရေးသရော်တာတွေ ပါလာတယ်၊ စသဖြင့် အများကြီးပါတဲ့အတွက် လူကြိုက်နည်းတယ်လို့ပဲ သုံးသပ်ရမှာပေ့ါ။ ဒီဟာတွေကို ဧည့်ခန်းထဲမှာ ထားရှိနိုင်တဲ့အနေအထားထိ မမြတ်နိုးနိုင်သေးတဲ့ အနေအထား ဖြစ်နေတာပေါ့။" ဟု ပန်းချီဆရာညီထွန်းက ပြောသည်။ 

အဆိုပါပြပွဲတွင် ပန်းချီဆရာ ၆ ဦး၏ ပန်းချီကား ၂၁ ကားကို ဇူလိုင်လ ၂၃ ရက်နေ့အထိ ပြသထားမည် ဖြစ်ပြီး ပန်းချီကားစျေးနှုန်းများကို ဒေါ်လာ ၅၀၀ မှ ၁၂၀၀ အထိ သတ်မှတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly