အကျိုးစီးပွားများ ရှိနေကြောင်း ယူဆ၍ ဆန္ဒဖော်ထုတ်ခြင်းဟု ကျောင်းသားများဘက်မှ ဆို

အကျိုးစီးပွားများ ရှိနေကြောင်း ယူဆ၍ ဆန္ဒဖော်ထုတ်ခြင်းဟု ကျောင်းသားများဘက်မှ ဆို
ဓာတ်ပုံ - မဇ္ဈိမ

ရန်ကုန် ၊ ဇူလိုင် ၂၁ ။          ။ တက္ကသိုလ်ရာပြည့်ပွဲ အကြောင်းပြပြီး မဲဆွယ်နေသည်ဟု ယူဆခြင်းကြောင့် ဆန္ဒဖော်ထုတ်ရသည့် အချက်များထဲတွင် ထည့်သွင်းပြီး ဆန္ဒဖော်ထုတ်ခြင်းဖြစ်သည်ဟု ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌ ကိုဘုန်းထက်နောင်က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

“မဲ မဆွယ်နဲ့ဆိုတဲ့ဆိုင်းဘုတ်က လက်တွေ့အနေအထားမှာ ဒီ ပြဿနာဖြစ်နေတဲ့အတွက်ကြောင့် ပြလိုက်တဲ့ သဘောပဲ။ အဓိက စုပြီးတိုင်ပင်ကြတယ်။ အဲဒီလို အကျိုးစီးပွားတွေ ရှိနေတယ်လို့ ယူဆပြီး ကျွန်တော်တို့ ပြလိုက်တာပါ” ဟု ၎င်းက ဆိုသည်။

ယမန်နေ့ ဇူလိုင် ၂၀ ရက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တက္ကသိုလ်တွင် ကျင်းပသော မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်ပွဲသို့ လာရောက်စဉ် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဦးဆောင်သော ကျောင်းသား ၂၀ ဦးခန့်က ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားအခွင့်အရေး ၊ ပညာရေးဆိုင်ရာ အခွင့်အရေးများကို တောင်းဆိုခဲ့ရာတွင် “တက္ကသိုလ်ရာပြည့် အကြောင်းပြ မဲဆွယ်ဖို့ မစဉ်းစားလေနဲ့” ဆိုသည့် စာသားပါဝင်သော ဆိုင်းဘုတ်ကို လူအများက ဝေဖန်ပြောဆိုမှုများရှိခဲ့သည်။

“ ဒီ ဆိုင်းဘုတ်တစ်ခုတည်းကို ကြည့်ပြီး နိုင်ငံရေးထိုးနှက်တယ်လို့ သူတို့မြင်သွားတာ၊ အမှန်တကယ်က  ကျောင်းသားကိစ္စ ၊ တက္ကသိုလ်ကိစ္စ ၊တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားထုအခွင့်အရေးကိစ္စ ဒီမိုကရေစီပညာရေးကိစ္စကိုပဲ တည်ပြီး တောင်းတာပါ၊ ဒီတစ်ခုတည်းကိုပဲကြည့်ပြီးတော့ သုံးသပ်ရင်တော့ တစ်ဖက်သတ်ကြီး မြင်မှာပဲလေ”ဟု ကိုဘုန်းထက်နောင်က ဆိုသည်။

ဗကသများအဖွဲ့ချုပ်က တောင်းဆိုချက်များတွင် ဆဲဗင်းဂျူလိုင်နေ့က ချီတက် လမ်းလျှောက်မှုကြောင့် ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခြင်းခံထားရသော ကျောင်းသားများကို ချက်ချင်းလွှတ်ပေးရန်၊ မတရား ဖမ်းဆီးခံထားရသည့် မန္တလေးတိုင်းဒေသကြီး အောင်သပြေကျေးရွာမှ ကိုးတန်းကျောင်းသား လွတ်မြောက်ရန်၊ ဖိနှိပ်သော အဆောင်စည်းကမ်းများ ချက်ချင်းဖျက်ရန်၊ ကျောင်းသူများ လိင်အကြမ်းဖက်ခံနေရခြင်းကို ဖြေရှင်းပေးရန်၊ တက္ကသိုလ်ရာပြည့် အကြောင်းပြ မဲဆွယ်ဖို့ မစဉ်းစားလေနဲ့ စသည့် အချက်များ ပါဝင်သည်။

ဒေါ်အောင်ဆန်းစုကြည်က ဆန္ဒပြဆိုင်းဘုတ်များကို ဖတ်ရှုခဲ့ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ကလည်း ကျောင်းသားများနှင့် စကားပြောဆိုခဲ့သေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly