ဘင်္ဂလားပင်လယ်အော်အတွင်းမှာ မုန်တိုင်းငယ်ဖြစ်နိုင်ဟု ဒေါက်တာထွန်းလွင် ဆို

ဘင်္ဂလားပင်လယ်အော်အတွင်းမှာ မုန်တိုင်းငယ်ဖြစ်နိုင်ဟု ဒေါက်တာထွန်းလွင် ဆို
ဓာတ်ပုံ-ဦးထွန်းလွင်

ရန်ကုန် ၊ ဇူလိုင် ၂၁ ။       ။ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် လေထုမငြိမ်မသက်ဖြစ်နေပြီး လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေကာ မုန်တိုင်းငယ်တစ်ခု ဖြစ်လာနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ဇူလိုင် ၂၁ ရက်နေ့တွင် ပြောဆိုထားသည်။

“ဘင်္ဂလားပင်လယ်အော်ရဲ့ အရှေ့တောင်ပိုင်းထဲမှာ မုန်တိုင်းဖြစ်ဖို့အလားအလာတွေ စပြလာနေပါတယ်။ ဒီနှစ်အတွင်း ဒါဟာ မုန်တိုင်းဖြစ်ဖို့အလားအလာ အနီးစပ်ဆုံး မြင်တွေ့ရခြင်းပါပဲ” ဟု ဒေါက်တာထွန်းလွင်က ပြောဆိုထားသည်။

လက်ရှိတွင် ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၌ မုတ်သုံလေ အားကောင်းနေပြီး ကျန်ဘင်္ဂလား ပင်လယ်အော်တွင် မုတ်သုံလေအား အနည်းငယ်မှအားအသင့်အတင့် ရှိနေသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့်မှာ ၇ ပေ မှ ၉ ပေခန့် အထိ ရှိနိုင်သည်ဟု  မိုး/ဇလ က ထုတ်ပြန်ထားသည်။

နောက်၂ ရက်အတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် မိုးပိုမိုရွာသွန်းလာနိုင်ကြောင်း ဒေါက်တာထွန်းလွင်က သတိပေးပြောဆိုထားသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီး၊ ကသာ၊ ထီးချိုင့်၊ ကန့်ဘလူ၊ ခင်ဦး၊ ရွှေဘို တွင် လူဦးရေ တစ်သောင်းခွဲခန့် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း၊ စဉ့်ကူးနှင့် တံတားဦးမြို့တို့တွင် လူတစ်သောင်းခန့် ရေဘေးကြုံတွေ့နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required