မျက်နှာသစ်ကြမယ် ဘေဘီလေးရေ

မျက်နှာသစ်ကြမယ် ဘေဘီလေးရေ

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ဘေဘီလေးကိုသန့်ရှင်းရေးလုပ်ပေးမယ့် ကိစ္စက အသစ်စက်စက်မေမေ။ ဖေဖေတို့ကို စိုးရိမ်စိတ်ရှုပ်စေနိုင်တဲ့အရာတစ်ခုပါ။ အရွယ်ရောက်လာပြီဖြစ်တဲ့ ကလေးတစ်ယောက်ကို မျက်နှာသစ်ပေးရတာ၊ ရေချိုးပေးရတာက အသေးအဖွဲကိစ္စဆိုပေမယ့် ထိခိုက်လွယ်တဲ့ နုနယ်လွန်းလှတဲ့ ကလေးတစ်ယောက်ကို မျက်နှာသစ်ပေးရတာက အခက်အခဲရှိနိုင်ပါတယ်။ ဒီပြဿနာကို အလွယ်တကူကျော်လွှားနိုင်ဖို့ ဒီဆောင်းပါးလေးကနေ အကူအညီပေးပါရစေ။
ညစ်ပေလွယ်နိုင်တဲ့ ဘေဘီလေးရဲ့ မျက်နှာ

မွေးကာစ ကလေးတစ်ယောက်အနေနဲ့ တစ်ပတ်ကို ၃ ကြိမ်လောက်ပဲရေချိုးဖို့လိုပေမယ့် နေ့တိုင်းတစ်နေ့ကို အနညး်ဆုံး နှစ်ကြိမ်လောက်တော့ မျက်နှာ၊ လည်ပင်း နဲ့ ခြေ၊လက်တွေကို သုတ်သင်သန့်စင်ပေးဖို့လိုပါမယ်။ ကလေးတစ်ယောက်ရဲ့ မျက်နှာက လူကြီးတစ်ယောက် ဒါမှမဟုတ် အရွယ်ရောက်ပြီးသူတစ်ယောက်ထက် ညစ်ပေနိုင်ခြေပိုများပါတယ်။ ကလေးက နို့စို့ရင်းနို့အန်တာမျိုးဖြစ်မယ်၊ နို့တွေစီးကျတာမျိုးဖြစ်မယ်ဆိုရင် ချက်ချင်း သန့်စင်ဖို့လိုပါမယ်။ ဒါမှ ကလေးက အရေပြားပြဿနာကင်းမှာပါ။ ကလေးအသားအရေကို ပုံမှန်သန့်စင်ပေးမှုက အရေပြားမှာ အဖုအပိမ့်တွေဖြစ်တာ ဓာတ်မတည့်မှုတွေဖြစ်တာကို အကောင်းဆုံး ကာကွယ်နိုင်မှာပါ။
မျက်နှာသစ်မယ် ဘေဘီလေးရေ

လက်တစ်ပွေ့စာ ကလေးသေးသေးလေးကို မျက်နှာသစ်ပေးရတာက တော်တေ်ာလေး လက်ဝင်တဲ့ကိစ္စပါ။ အတိမ်းအစောင်းမခံနိုင်တဲ့အရွယ်မို့ ထိခိုက်သွားမလားဆိုတဲ့ စိတ်ကကြီးစိုးနေတော့ ဘာလုပ်လုပ်စိုးရိမ်စိတ်ကကြီးစိုးနေရောပေါ့။ ဘေဘီလေးကို အထိအခိုက်မရှိဘဲ သန့်စင်ပေးချင်တဲ့ မေမေဖေဖေတို့အတွက် လိုအပ်မယ့်ပစ္စည်းလေးတွေကနေစပြောရအောင်နော်။

ဘေဘီလေးမျက်နှာသစ်ဖို့ ဒါတွေလိုပါမယ်

ကလေးကို မျက်နှာမသစ်ခင် အကောင်းဆုံးဖြစ်မယ့် နည်းလမ်းက လိုအပ်တာတွေကို အနားမှာ အသင့်ယူထားခြင်းပါ။ ကလေးကို မျက်နှာသစ်ရင်းမှ တစ်ခုချင်းထမယူရစေဖို့ ကလေးကို မျက်နှာမသစ်ခင်မှာ

  •     သန့်ရှင်းနူးညံ့တဲ့အဝတ်စ
  •     ဂွမ်းလုံးလေးတွေ
  •     ရေနွေး ခပ်နွေးနွေး
  •     နူးညံ့တဲ့ ကလေးသုံးတဘက် တို့ကို အနားမှာ အသင့်ယူထားပါ။

မျက်နှာစသစ်တော့မယ်

လိုတဲ့ ပစ္စည်းတွေအကုန်ရလို့ ဘေဘီလေးကိုမျက်နှာစသစ်ပေးတော့မယ်ဆိုရင်

  •     ဂွမ်းစလေးတွေကို ကြက်သီးနွေးရေနွေးထည့်ထားတဲ့ ဇလုံလေးထဲကို နှစ်ပြီးခပ်ဖွဖွလေးညှစ်လိုက်ပါ။
  •     ဘေဘီလေးရဲ့ မျက်လုံးအတွင်းထောင့်နေရာကနေ အပြင်ဘက်ကို ခပ်ဖွဖွလေးဆွဲလို့ သန့်စင်ပါ။
  •     မျက်လုံးတွေ သန့်စင်ပေးပြီးသွားရင်တော့ အဝတ်စနုနုလေးကို ရေနွေးထဲထည့်စိမ်ပြီး ညှစ်ပါ။
  •     ပြီးရင် အဝတ်စနဲ့ ကလေးရဲ့မျက်နှာကို ခပ်ဖွဖွလေးပွတ်ပေးပါ။ ဆပ်ပြာသုံးစရာမလိုသေးပါဘူး။
  •     ကလေးရဲ့နဖူး၊ ပါး၊ နှာခေါင်း နဲ့ မေးစေ့တို့ကို ဖြည်းဖြည်းချင်း ခပ်ဖွဖွလေးသန့်စင်ပေးပါ။
  •     ကလေးမျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်နားမှာ တစ်ခုခုကပ်နေရင် အတင်းဆွဲမသုတ်ပါနဲ့ ရေလေးဆွတ်ထားပြီး ပျော့သွားတဲ့အထိထားလိုက်ပါ။ ဒီလိုမှ မဟုတ်ရင် ကလေး အရေပြားကို ထိခိုက်စေနိုင်လို့ပါ။
  •     ကလေးကို မျက်နှာသန့်စင်ပေးတဲ့အခါ နားရွက်နောက်ဘက်၊ နားရွက်ထဲနဲ့ နားတဝိုက်ကို သန့်စင်ပေးဖို့နဲ့ လည်ပင်းတွေ ဂုတ်တွေကိုလည်း သန့်စင်ပေးဖို့လိုပါမယ်။
  •     နားအတွင်းပိုင်းကိုတော့ မသန့်စင်ပါနဲ့၊ ပိုးဝင်နိုင်တာကြောင့်ပါ။
  •     ရေစိုဝတ်စလေးနဲ့ သန့်စင်ပြီးသွားပြီဆိုရင်တော့ ကလေးကို တဘက်စနုနုလေးနဲ့ ရေခြောက်အောင် ပြန်သုတ်ပေးပါ။ ဒီလိုလုပ်ပေးတာက ကလေးအရေပြား ခြောက်သွေ့ယားယံနိုင်ခြေကို ကာကွယ်ပြီးသားဖြစ်သွားမှာပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly