စက်လှေမှောက်ပြီး ပျောက်ဆုံးကျောင်းသူများအနက် နောက်ဆုံးကျန်ရှိသည့် ကျောင်းသူ၏ ရုပ်အလောင်း တွေ့ရှိ

စက်လှေမှောက်ပြီး ပျောက်ဆုံးကျောင်းသူများအနက် နောက်ဆုံးကျန်ရှိသည့် ကျောင်းသူ၏ ရုပ်အလောင်း တွေ့ရှိ
ဓာတ်ပုံ-ဦးအေးလှိုင်ဦး

မကွေး၊ ဇူလိုင် ၂၀ ။         ။ မင်းတုန်းချောင်းအတွင်း စက်လှေတိမ်းမှောက်မှုမှ ကျောင်းသူ ၄ ဦး ပျောက်ဆုံးခဲ့ရာ ဇူလိုင် ၁၉ ရက်နေ့တွင် နောက်ဆုံးကျန်ရှိသည့် ကျောင်းသူ ၁ ဦးအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

နဝမတန်းကျောင်းသူ မချစ်စုဝေ (၁၅ နှစ်)၏ ရုပ်အလောင်းအား ဇူလိုင် ၁၉ ရက်၊ နံနက် ၁၀ နာရီအချိန်ခန့်တွင် မင်းတုန်းမြို့နယ်၊ ပန်းတုန်းရွာအနီး မင်းတုန်းချောင်းအတွင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်ကတည်းက မိသားစုက ရက်လည်၊ ဆွမ်းသွပ်ခဲ့ပြီး နောက်နေ့ ဇူလိုင် ၁၉ ရက်တွင် အလောင်းတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု မကွေးတိုင်းဒေသကြီး၊ လွှတ်တော် ကိုယ်စားလှယ် ဦးအေးလှိုင်ဦးထံမှ သိရသည်။

ဇူလိုင် ၁၈ ရက်က သတ္တမတန်းကျောင်းသူ မဇွန်ပွင့်ဖြူ (၁၃ နှစ်)ကိုလည်း တွေ့ရှိခဲ့ပြီးနောက် ယခု နောက်ဆုံး ကျန်ရှိသူ နဝမတန်းကျောင်းသူ၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ မင်းတုန်းမြို့၊ မင်းတုန်းချောင်းတွင် ဇူလိုင် ၁၂ ရက်နေ့က ကျောင်းကြိုစက်လှေတစ်စီး တိမ်းမှောက်ပြီး ကျောင်းသူ ၄ ဦး ရေထဲမျောပါပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

ဇူလိုင် ၁၃ ရက်နေ့တွင် နဝမတန်းကျောင်းသူ မဂျုးဂျူးဟန် ( အသက် ၁၅ နှစ်) ၏ ရုပ်အလောင်း၊ ဇူလိုင်လ ၁၄ ရက်နေ့တွင် မသက်မွန်ဇူလိုင် (အသက် ၁၃ နှစ်၊ ၇ တန်းကျောင်းသူ) ၏ ရုပ်အလောင်း တို့ကို ရှာဖွေ တွေ့ရှိထားပြီး ဖြစ်သည်။

အဆိုပါ သေဆုံးသူ ကျောင်းသူများအတွက် လူမှုဝန်ထမ်းမှ လာရောက်ထောက်ပံ့ရန်ရှိကြောင်းလည်း ကြားသိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly