ရေကြီးရေလျှံမှုကြောင့် ပြောင်းရွှေ့နေထိုင်ရသူ တစ်သောင်းကျော်အထိ ရှိနေ

ရေကြီးရေလျှံမှုကြောင့် ပြောင်းရွှေ့နေထိုင်ရသူ တစ်သောင်းကျော်အထိ ရှိနေ
ဓာတ်ပုံ- MOI

ရန်ကုန်၊ ဇူလိုင် ၂၀ ။       ။ မြစ်ရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားပြီး ပြောင်းရွှေ့နေထိုင်ရသူ အရေအတွက်သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူဦးရေ ၁၅၀၀၀ ကျော် ရှိနေသည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောသည်။

ဇူလိုင် ၁၉ ရက် နေ့လယ်ပိုင်းအထိ စစ်ကိုင်းတိုင်းတွင် အိမ်ထောင်စု ၂၀၀၀၊ လူဦးရေအားဖြင့် ၉၅၀၀ ခန့်နှင့် မန္တလေးတိုင်းတွင် အိမ်ထောင်စု ၁၂၀၀၊ လူဦးရေ ၅၈၀၀ ခန့် စုစုပေါင်းလူဦးရေ ၁၅၃ဝဝခန့်မှာ ပြောင်းရွှေ့ ထားရကြောင်း သိရသည်။

 “ အခုလောလောဆယ်တော့ ရေဘေးကြောင့်ရွှေ့ပြောင်းရတာက စစ်ကိုင်းနဲ့ မန္တလေးမှာတော့ရှိတယ်။ ဇူလိုင် ထဲမှာ ဖြစ်ခဲ့တဲ့ ပြည်နယ်နဲ့ တိုင်းတွေတော့ရှိတာပေါ့။ အဲ့တိုင်းတွေကျတော့ အကုန်လုံး စခန်းသိမ်းတဲ့ နေရာတွေ တော်တော်များများဖြစ်သွားပြီ “ ဟု ဒေါ်ဖြူလဲ့လဲ့ထွန်း ကပြောသည်။

ဇူလိုင်လဆန်းပိုင်းအတွင်း ကချင်၊ ရခိုင်၊ မွန်၊ ပဲခူး တို့တွင်လည်း ရေကြီးမှုကြောင့် နေရပ်စွန့်ရသူ ၃၀၀၀ ဦးခန့်ရှိခဲ့ခြင်းလည်းဖြစ်သည်။
ဇူလိုင် ၂၀ ရက်၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည် ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူတို့တွင် စိုးရိမ်ရေမှတ်ထက် ကျော်လွန်ရောက်ရှိနေပြီး ဒုဋ္ဌဝတီမြစ်ရေ သည် မြစ်ငယ်မြို့ စိုးရိမ်ရေမှတ်အထက် ရောက်ရှိ နေသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် မြစ်ရေကြီးမှုများမှာ စက်တင်ဘာအထိစိုးရိမ်ရတဲ့အနေအထား ဖြစ်တာကြောင့် သတိပြုနေထိုင်ကြဖို့ကိုလည်း မိုးလေဝသ ပညာရှင် ဦးထွန်းလွင် ကတိုက်တွန်းပြောဆိုထားသည်။

လတ်တလောအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင် နှင့် မအူပင်ခရိုင်တို့သည် ရေကြီးနစ်မြုပ်ခြင်းကို ခံရနိုင်သည့် ဒေသများ ဖြစ်ပြီး ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေများ လာမည့် ၁၀ ရက်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီးကို ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

မြန်မာနိုင်ငံတွင် မိုးတွင်းကာလ၌ ရေကြီးရေလျှံမှုများမှာ နှစ်စဉ်လိုလိုဖြစ်ပွားလေ့ရှိပြီး ၂၀၁၅ ခုနှစ်က လူ ၁၀၀ ကျော်သေဆုံးခဲ့ကာ လူထောင်ပေါင်းများစွာ အိုးအိမ်များကို စွန့်ခွာခဲ့ရဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required