လူငယ်အနုပညာရှင်များ၏ Building Bridges Exhibition အနုပညာပြပွဲ

လူငယ်အနုပညာရှင်များ၏ Building Bridges Exhibition အနုပညာပြပွဲ
ဓာတ်ပုံ - နူးရာ

ရန်ကုန် ၊ဇူလိုင် ၂၀ ။         ။လူငယ်အနုပညာရှင်များ၏ ပေါင်းကူးဆက်နွှယ်မှုများကို ပြသသောအားဖြင့် Building Bridges Exhibition  အနုပညာပြပွဲကို ဇူလိုင်လ  ၁၈ ရက်မှ ၃၀ ရက်နေ့အထိ Old Tourist Burma အဆောက်အဦတွင် ကျင်းပပြု လုပ်နေကြောင်း သိရသည်။

အဆိုပါပြပွဲကို ပြုလုပ်ရခြင်းမှာ အသက်(၃၀)နှစ်အောက် လူငယ်အနုပညာရှင်များ ဖန်တီးပုံဖော်ထားသည့် Contemporary art ကို မြန်မာလူငယ်အနုပညာရှင်များအတွက် ပေါင်းကူးတံတား တည်ဆောက်ပေးခြင်း ဖြစ်ကြောင်း ပွဲစီစဉ်သူ စိုင်းထင်လင်းထက်မှ ပြောသည်။

"လူငယ်တွေရဲ့အသံ လူငယ်တွေရဲ့ အိပ်မက်တွေကို အသီးသီးသော မီဒီယမ်တွေကနေ တစ်ဆင့် သူတို့ပိုင်နိုင် ကျွမ်းကျင်တဲ့အနုပညာဖန်တီးမှုတွေကနေ တစ်ဆင့်ပြတာပေါ့။ မြန်မာနိုင်ငံရဲ့ တက်သစ်စလူငယ် အများကြီး ပါ တယ်။ သူတို့ ဖန်တီးမှုကိုယ်စီတိုင်းမှာ အမြဲတမ်း Concept ရှိတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လွှမ်းမိုးမှု တွေကို တင်ဆက်ထားတာတွေ ပါပါတယ်။ ပန်းချီဆွဲတာပဲ ဖြစ်ရမယ်၊ ဓါတ်ပုံပဲ ဖြစ်ရမယ်ဆိုပြီး ခွဲခြားထားတာ မရှိပါဘူး။ နိုင်ငံတကာမှာတော့ Contemporary art အောက်မှာ ဆိုရင် ကို်ယ်နှစ်သက်တဲ့ မီဒီယမ်တစ်ခု၊ နှစ်ခု ပေါင်းပြီး ဖန်တီးနေကြတယ်။

မြန်မာပြည်မှာတော့ ကိုယ့်မီဒီယမ်နဲ့ ကိုယ်လုပ်နေကြတယ်။ ဒီမှာက အရမ်းကွဲပြား ခြားနားတဲ့ အနုပညာတွေကို ပေါင်းစပ်လိုက်တာပါ။ မြန်မာပြည်မှာရှိတဲ့ အနုပညာအကုန်လုံးကိုလည်း Contemporary art အောက်မှာ အတူတကွရှိနေချင်တယ်။" ဟု စိုင်းထင်လင်းထက်မှ ပြောသည်။

အဆိုပါပြပွဲတွင် ဒစ်ဂျစ်တယ်ဂရပ်ဖစ် အနုပညာ၊ လက်တွေ့စမ်းသပ်မှုအခြေပြု ဗီဒီယိုများ၊ မာတီလ်မီဒီယာ ၊ လက်တွေ့စမ်းသပ်မှုအခြေပြု အင်စတော်လေးရှင်းများ ၊ ဓာတ်ပုံပညာ (Photography) ၊ ဆူညံသံ အခြေပြု အနုပညာ ၊ အပါအဝင် အမျိုးအစားစုံလင်သည့် ခေတ်ပြိုင်အနုပညာလက်ရာသစ်များကို ပြသထားသည်။

"လူငယ်တွေလုပ်တဲ့ လက်ရာတွေကို တစ်ခါတလေကျရင် ပြခန်းက ကြိုက်ချင်မှ ကြိုက်ကြတယ်။ ဒီလိုပွဲတွေ လုပ်ပြီး ပွဲထုတ်ပေးတယ်၊ ဒါက ကောင်းတဲ့တစ်ချက်။ မတူတဲ့ Experimental Video Artist တွေ စုစည်းခွင့် ရလိုက်သလို တစ်ယောက်နဲ့တစ်ယောက်လည်း သိခွင့်ရခဲ့တယ်။" ဟု လက်တွေ့စမ်းသပ်မှုအခြေပြု ဗီဒီယို အနုပညာရှင် နိုရာမှ ပြောသည်။

အဆိုပါပြပွဲကို Emergent Art Space ၊ တို့ရန်ကုန်တို့အိမ်ရာယဉ်ကျေးမှုအမွေအနှစ်ပွဲတော်နှင့် Turquoise Mountain တို့မှ ပူးပေါင်းကျင်းပခြင်း ဖြစ်ပြီး ဇူလိုင် ၃၀ ရက်နေ့အထိ နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly