မြန်မာအမျိုးသား ယူ ၁၅ အသင်းအတွက် ဂျာမန်နည်းပြ တော်စတန်ဖရန့်ခ် ကို ခန့်အပ်

မြန်မာအမျိုးသား ယူ ၁၅ အသင်းအတွက် ဂျာမန်နည်းပြ တော်စတန်ဖရန့်ခ် ကို ခန့်အပ်
ဓာတ်ပုံ - MFF

ရန်ကုန်၊ ဇူလိုင်လ ၂၀ ။        ။ နိုင်ငံတကာဘောလုံးပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန်ပြင်ဆင်နေသည့် မြန်မာလက်ရွေးစင် အမျိုးသား ယူ ၁၅ အသင်း နည်းပြအဖြစ် ဂျာမန်လူမျိုး တော်စတန်ဖရန့်ခ် ကို ၂ နှစ် စာချုပ်ဖြင့် ခန့်အပ်လိုက်ကြောင်း ဇူလိုင်လ ၂၀ ရက်နေ့တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။

“အကြိုသဘောတူထားတာ မြန်မာအသင်း တရုတ်အသင်း နဲ့ခြေစမ်းပွဲထဲကပါ။ စာချုပ်က ပြီးခဲ့တဲ့ ၂ ရက် လောက်က ချုပ်ဆိုလိုက်တာပါ” ဟု ဦးကိုကိုသိန်းက မဇ္စျိမ သတင်းဌာန သို့ပြောသည်။
တော်စတန်ဖရန့်ခ် သည် ဘူတန်လက်ရွေးစင်အသင်းကိုနည်းပြချုပ်အဖြစ် ကိုင်တွယ်ခဲ့ပြီး ဂျာမနီ၊ နီပေါ၊ ယီမင် နိုင်ငံများတွင် လူငယ်အသင်းနည်းပြအဖြစ် ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်သည်။

 “ လွန်ခဲ့တဲ့ ၂ လ လောက်ထဲက လာလျှောက်ကြတယ်။သတင်းကြော်ငြာထဲထည့်လိုက်တော့ နိုင်ငံပေါင်းစုံ က နည်းပြပေါင်း ၁၀၀ လောက် လာလျှောက်ကြတယ်။နည်းစနစ်ဌာနရယ် နည်းစနစ်ဒါရိုက်တာ ရယ် စစ်လိုက်တဲ့ အခါမှာ ၃ ဦး တင်လာတယ်။အဲ ၃ ဦးထဲက နံပတ် ၁ က ဟော်လန် နည်းပြ ၊ ဒုတိယ က ဂျာမန်နည်းပြ ၊ တတိယက အင်္ဂလန်နည်းပြ ၃ဦးထဲမှာ ဟော်လန်နည်းပြ ကိုခန့်ဖို့လုပ်လိုက်တာ  ဟော်လန်နည်းပြ က အကြောင်းအမျိုးမျိုးကြောင့် စာချုပ်ညှိနှိုင်းတာအဆင်မပြေဘူး။ အဲဒါကြောင့် ဒုတိယလူကို ရွေးလိုက်တာပါ” ဟု ဦးကိုကိုသိန်းက ပြောသည်။

ဂျာမနီလူမျိုး တော်စတန်ဖရန့်ခ် ကို နည်းပြအဖြစ်ခန့်အပ်ပြီးနောက် မြန်မာယူ- ၁၅ အသင်း၏ နည်းပြချုပ် ဟောင်း ဖြစ်သည့် ဂျပန်နည်းပြ ကိုဂါ သည် လက်ထောက် နည်းပြအဖြစ် ဆက်လက် တာဝန်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် ယူ-၁၅ အသင်းသည် ယခုနှစ်အတွင်း အာဆီယံနှင့် အာရှအဆင့်ပြိုင်ပွဲများစွာကို ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေပြီး ဇူလိုင် ၂ရရက် မှ သြဂုတ် ၉ရက် အထိ ထိုင်းနိုင်ငံ ၊ချွန်ဘူရီမြို့ တွင် ကျင်းပမည့် AFF U-15 Boys Championship 2019 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စု(က) တွင် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ အရှေ့တီမော၊ စင်ကာပူ၊ ဖိလစ်ပိုင် အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စု (ခ)တွင် အိမ်ရှင် ထိုင်း၊ မလေးရှား၊ လာအို၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းနှင့် သြစတြေးလျ အသင်းတို့ ပါဝင်နေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required