ရခိုင်ရှိ စစ်ဘေးရှောင်၂၅၀၀ ခန့်တွင် စားနပ်ရိက္ခာပြတ်လပ်မှု ကြုံနေရ

ရခိုင်ရှိ စစ်ဘေးရှောင်၂၅၀၀ ခန့်တွင် စားနပ်ရိက္ခာပြတ်လပ်မှု ကြုံနေရ
မြောက်ဦးမြို့နယ်၊ တင်ညိုဒုက္ခသည်စခန်းအား ဇူလိုင် ၁၅ ရက်က တွေ့မြင်ရစဉ်။ ဓာတ်ပုံ-ညွန့်ဝင်း/EPA

ရန်ကုန်၊ ဇူလိုင် ၂၀ ။         ။ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ တောဖျားချောင်းဒေသတွင်နေထိုင်ကြသည့် စစ်ဘေးရှောင် ၂၅၀၀ ခန့်သည် စားနပ်ရိက္ခာပြတ်လပ်မှုဖြင့် ရင်ဆိုင်နေရသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရွှေဘော်စိန်က မဇ္စျိမသို့ပြောသည်။

တောဖျားချောင်းဒေသရှိ စစ်ဘေးရှောင်စခန်းမှ လူဦးရေ ၅၃၆ ဦးနှင့် ၎င်းအနီးတစ်ဝိုက်ရှိရွာများတွင် စစ်ဘေး ရှောင်ရောက် ရှိနေသည့် အိမ်ထောင်စု ၆၀၀၊ လူဦးရေ ၂၀၀၀ နီးပါး အပါအဝင် စုစုပေါင်း လူဦးရေ ၂၅၀၀ ခန့်မှာ ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်ရခြင်း ဖြစ်သည်။

“ အဲ့ဒိနေရာမှာဆိုလိုရှိရင် ရွာသားတွေရော၊ အခုထမင်းတွေ ရိက္ခာ တွေပြတ်ပြီးတော့ ငတ်နေကြတယ်။ ခုတောင်မှ ခုလာအကြောင်း ကြားတယ်။ ဒီနေ့ဆင်းလာမယ်တဲ့ သူတို့အကူ အညီလာတောင်း တယ်။ ဒါပေမယ့် ရမှာတော့ မဟုတ်သေးဘူး။ ကျွန်တော်တို့ကြိုးစားပေးမယ်လို့ပြောထားတယ်” ဟု ဦးရွှေဘော်စိန်က ပြောသည်။

မိုးများ၍ ရေကြီးရေလျှံခြင်းများကြောင့် သွားလာရခက်ခဲပြီး အလှူရှင်များလုံးဝ လာရောက်နိုင်ခြင်း မရှိသောကြောင့် ရိက္ခာပြတ်လပ်ရခြင်း ဖြစ်ပေါ်နေရသည်ဟု ၎င်းကဆိုသည်။

“ တချို့ဒေသတွေမှာဆို ထောက်ပံ့ရေးပစ္စည်းတွေကမရောက်ဘူး။ တချို့ကသွားပေးချင်တယ်။ ဒါပေမယ့် သွားရေးလာရတာတွေကို စိုးရိမ်ပြီးမသွားကြဘူး ” ဟုဦးရွှေဘော်စိန်ကဆက်ပြောသည်။

အဆိုပါဒေသမှ စစ်ဘေးရှောင်နှင့် ရွာသားများသည် လွန်ခဲ့သည့် တစ်လလောက်ကတည်းက အပြည်ပြည် ဆိုင်ရာကြက်ခြေနီအဖွဲ့(ICRC) ၏ထောက်ပံ့ပေးထားသည့် ရိက္ခာများကို မျှဝေစားသောက်ခဲ့ပြီး ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ရိက္ခာပြတ်လပ်သွားခြင်း ဖြစ်သည်။

အလားတူ ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများအားလုံးနီးပါး၌ ရိက္ခာအခြေအနေမှာ တစ်ပတ်စာ ခန့်သာ ကျန်ရှိတော့ကြောင်း မြောက်ဦးရှိ စစ်ဘေးရှောင်စခန်း ထက်ဝက်ကျော်တွင်လည်း အလားတူဖြစ်ရပ်မျိုး နှင့်ကြုံတွေ့နေရ ကြောင်း REC မှသိရသည်။

ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်(AA) တို့၏တိုက်ပွဲများကြောင့် ဇူလိုင်လအထိ စုစုပေါင်း စစ်ဘေးရှောင် ၅ သောင်းခန့်အထိရှိလာပြီး အားလုံးလိုလိုမှာ နေရပ်ပြန်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly