လက်ပံတန်းတွင် အကြမ်းဖက်ခဲ့သည့် ရဲများကို အရေးယူရန်လိုဟု တိုက်တွန်း

လက်ပံတန်းတွင် အကြမ်းဖက်ခဲ့သည့် ရဲများကို အရေးယူရန်လိုဟု တိုက်တွန်း

ရန်ကုန်၊ အောက်တိုဘာ ၁၁ ။ ။ လက်ပံပန်းကျောင်းသပိတ်ကို အကြမ်းဖက် ဖြိုခွင်းရာတွင် ကျောင်းသားများအား ရိုက်နှက် နှိမ်နင်းခဲ့သဖြင့် ဖြိုခွင်းရာတွင် ပါဝင်သည့်ရဲများကို အရေးယူရန် လိုအပ်ပြီး ဖမ်းဆီးခံထားရသည့် ကျောင်းသားများ နှင့် ဝန်းရံသူများကို ချွင်းချက်မရှိ ပြန်လွှတ်ပေးရန် လက်ပံတန်းသပိတ်နှိမ်နင်းရေးနှင့် ပတ်သက်သော အစီခံစာက တိုက်တွန်းလိုက်သည်။

ယင်းအစီရင်ခံစာ ထုတ်ပြန်ရှင်းလင်းသည့် အခမ်းအနားကို ရန်ကုန်မြို့တွင် အောက်တိုဘာ ၁၁ရက်က ပြုလုပ်ခဲ့သည်။

အစီရင်ခံစာပြုစုရာတွင် ပါဝင်သည့် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သည့် Fortify Rightsမှ အေမီစမစ်က “လက်ပံတန်း အကြမ်းဖက်နှိမ်နင်းမှုဟာဆိုရင် အလွန်ကောင်းတဲ့ သက်သေတစ်ခုဖြစ်ပါတယ်။ ဒါဟာ တရားဥပဒေစိုးမိုးမှု မရှိဘူးဆိုတာကို အထင်အရှား ပြသလိုက်တာတစ်ခုလည်းဖြစ်ပါတယ်။ ရဲအရာရှိတွေဟာဆိုရင် တရားဥပဒေ ကျူးလွန်တဲ့အတွက်ကြောင့် သူတို့ကိုအရေးယူဖို့လိုပါတယ်။ သူတို့ကို တာဝန်ယူဖို့လိုပါတယ်။ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုတွေကို လုပ်ဆောင်နေတယ်ဆိုရင် ဒီအကြမ်းဖက် ကျူးလွန်တဲ့ ရဲအရာရှိတွေကို အရေးယူတာကနေ စတင်ရမှာဖြစ်ပါတယ်။” ဟုဆိုသည်။

၎င်းကဆက်လက်ပြောကြားရာတွင် “ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အစိုးရအနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေကို အရေးယူဖို့လည်းလိုပါတယ်။ တစ်ချိန်တည်းမှာပဲ ကျောင်းသားတွေကိုလည်း လွှတ်ပေးဖို့လိုတယ်။ ဆန္ဒပြတဲ့သူတွေဟာသူတို့ရဲ့ အခြေခံအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးနိုင်ဖို့လိုတယ်။ မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတွေရှိသော်ငြားလည်း လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ပြောင်းလဲမှုတွေမရှိဘူးဆိုတာကို လက်ပံတန်းသပိတ်ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။” ဟုဖြစ်သည်။

အစီရင်ခံစာမှာ ၂၀၁၅ခုနှစ် မတ်လ၁၀ရက်က ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့တွင် ရဲတပ်ဖွဲ့မှ အင်အား အလုံးအရင်းသုံးကာ ကျောင်းသားများအား ရိုက်နှက်နှိမ်နင်းထားမှုများ၊ အခွင့်အရေးချိုးဖောက်မှုများအား မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များ၊ ဓါတ်ပုံ၊ ဗွီဒီယိုမှတ်တမ်းများမှ အချက်အလက်များကို အခြေခံကာ ပြုစုထားသော အစီရင်ခံစာဖြစ်သည်။

အစီရင်ခံစာတွင် အဓိကအကြံပြုချက်များအဖြစ် အကျဉ်းကျခံနေရသော ဆန္ဒပြသူများအားလုံးကို ပြန်လွှတ်ပေးရန်၊ ခိုင်လုံသည့်အထောက်အထားမရှိပဲ တရားစွဲဆိုမှုမလုပ်ရန်နှင့် တရားစွဲဆိုမှုများသည် တရားမျှတသည့် စီရင်မှုများရှိစေရေး လုပ်ဆောင်ရန်၊ လက်ပံတန်းနှိမ်နင်းမှုအတွက် ဘက်လိုက်မှုကင်းသည့် စုံစမ်းမှုတစ်ရပ်ပြုလုပ်ရန်၊ အကြမ်းဖက်ကြသော သက်ဆိုင်ရာတာဝန်ရှိသူများကို လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် တာဝန်ယူစေရန် တို့ကိုတွေ့ရသည်။

ထွက်ဆိုချက်နှင့် မှတ်တမ်းများအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် လက်ပံတန်းတွင် ကျောင်းသားသပိတ်အား ဖြိုခွဲရာတွင် အင်အားအလွန်အကျွံသုံးကာ အကြမ်းဖက်ဖြိုခွဲခဲ့ကြောင်း ထွက်ဆိုချက်များနှင့် မှတ်တမ်းများ အရသိရသည်။

ထိုသို့အကြမ်းဖက်ဖြိုခွဲခဲ့ပြီးနောက် ကျောင်းသားများနှင့် ဝန်းရံပြည်သူ ၁၂၇ယောက်ကို ဖမ်းဆီးခဲ့သည်။ လက်ရှိတွင် ကျောင်းသားနှင့်ဝန်းရံပြည်သူ ၅၄ဦးသည် သာယာဝတီထောင်တွင် ကျခံနေရပြီး ကျန်သူများကို အာမခံဖြင့် လွှတ်ပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly