ရာသီတုပ်ကွေးရောဂါ H1N1 ကြောင့် သေဆုံးသူ ၆၃ ဦးအထိ ရှိလာ

ရာသီတုပ်ကွေးရောဂါ H1N1 ကြောင့် သေဆုံးသူ ၆၃ ဦးအထိ ရှိလာ
ဓာတ်ပုံ - နာရေးကူညီမှုအသင်း ( ရန်ကုန်)

ဇူလိုင်၂ဝ၊ ရန်ကုန် ။       ။ ရာသီတုပ်ကွေးရောဂါ H1N1 ကြောင့် သေဆုံးသူဦးရေသည် ဇူလိုင်လ ၁၉ ရက်နေ့အထိ ၆၃ ဦး ရှိနေပြီ ဖြစ်ကြောင်း အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ ရာသီတုပ်ကွေးရောဂါ H1N1 ကြောင့် အစောပိုင်းလများတွင် သေဆုံးသူမရှိခဲ့သော်လည်း မေ၊ ဇွန်၊ ဇူလိုင်လများတွင် ရောဂါကြောင့် သေဆုံးသူများ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

“တစ်နှစ်တစ်ခြားတိုးလာတယ်ဆိုတဲ့ ကိစ္စက ရာသီတုပ်ကွေးဆိုတဲ့အတိုင်းပဲ ဒီရာသီမှာဖြစ်တတ်တဲ့ တုပ်ကွေး ရောဂါတစ်မျိုးပါ။ တုပ်ကွေးဖြစ်တဲ့သူတွေ အကုန်လုံးကို ကျွန်မတို့ မစစ်နိုင်ဘူး။ မစစ်နိုင်တဲ့အခါမှာ ဘယ်သူ တွေက H1N1 ဖြစ်နေသလဲဆိုတာ မသိနိုင်ဘူး။ ရာသီအလိုက်ဖြစ်တတ်တဲ့ တုပ်ကွေးရောဂါကို ကာကွယ်ဖို့ ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းတွေကိုလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ခါတိုင်းနဲ့ မတူဘဲ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေပါတယ်။ လူတွေက ကာတော့ ကာကွယ်နေကြမှာပဲ။

ဒါပေမယ့် ဒီထက်ပိုပြီး သတိထားဖို့ ကျွန်မတို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနေရတာပါ” ပြည်သူ့ကျန်းမာရေးဦးစီးဌာန အသိ ပညာမြင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာဖြူဖြူအေးက မဇ္စျိမကို ပြောသည်။

မေလတွင် H1N1 ရောဂါ သံသယရှိသူ ၁၅ ဦးကို စစ်ဆေးခဲ့ပြီး ၁ဦးသေဆုံးခဲ့ကြောင်း  ဇွန်လတွင် ရောဂါ သံသယရှိသူ ၂၇၉ ဦးကို စစ်ဆေးခဲ့ပြီး ၂၅ ဦးသေဆုံးခဲ့ကြောင်း ဇူလိုင်လတွင်မူ ၁၉ ရက်နေ့အထိ ရောဂါ သံသယရှိသူပေါင်း ၄၁ဝ ဦးကို စစ်ဆေးခဲ့ပြီး ၃၇ ဦး သေဆုံးခဲ့ကြောင်း အဆိုပါ ဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

ဇန်နဝါရီလမှ ဇူလိုင်လ ၁၉ ရက်နေ့အထိ ရောဂါသံသယရှိသူပေါင်း ၇၆၄ ဦးကို စစ်ဆေးခဲ့ပြီး ၆၃ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

၂ဝ၁၇ ခုနှစ်တွင် သေဆုံးသူ ၃၈ ဦးသာရှိခဲ့သော်လည်း ယခုနှစ် ဇူလိုင်လလယ်အတွင်း ၆၃ အထိသေဆုံးခဲ့ပြီး သေဆုံးမှုသိသိသာသာတိုးလာခဲ့ခြင်း ဖြစ်သည်။

 ရာသီတုပ်ကွေးရောဂါ H1N1 နှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်အချက်များကိုလည်း အများပြည်သူ သိရှိလိုက်နာစေရန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 “ရောဂါမဖြစ်ခင် ကိုယ့်ဟာကိုယ် ကိုယ်ခံအားကောင်းနေဖို့ အရေးကြီးပါတယ်။ အစားအသောက် အာဟာရ ပြည့်အောင်စားမယ်။ အိပ်ချိန်မှန်မှန်အိပ်မယ်။ ခန္ဒာကိုယ်မှာ ကိုယ်ခံအားကောင်းအောင် ဆောင်ရွက်ထားဖို့ လိုပါတယ်။ ချောင်းဆိုးတိုင်းနှာချေတိုင်း ပါးစပ်နဲ့ နှာခေါင်းကို လုံအောင်ပိတ်ထားဖို့၊ လူစုလူဝေးနေရာတွေ ရှောင်ဖို့ လိုပါတယ်။ အဖျားအရမ်းကြီးတာ၊ သတိလစ်တာတွေဖြစ်တဲ့အခါ ဆေးခန်းထက် ဆေးရုံကို သွားဖို့လိုပါတယ်” ဟု ၄င်းက ပြောသည်။

ရာသီတုပ်ကွေးရောဂါကြောင့် သေဆုံးသူများမှာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းတို့မှ ဖြစ်ပြီး ရန်ကုန်တိုင်းတွင် သေဆုံးမှုအများဆုံးဖြစ်သည်။ စုစုပေါင်းသေဆုံးသူ ၆၃ ဦးမှ ၅ဝ ဦးသည် ရန်ကုန်တိုင်းမှ ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly