စာရေးသူ၏တောင်းပန်မှုအပေါ် ကျေအေးပေးရန်ရှိဟု ရခိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပြော

စာရေးသူ၏တောင်းပန်မှုအပေါ် ကျေအေးပေးရန်ရှိဟု ရခိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပြော
ဓာတ်ပုံ-ဒေါ်ထုမေ

ဇူလိုင်လ ၂၀ ။            ။ ဒေါ်ထုမေ ၏ ဓာတ်ပုံအသုံးပြုကာ အချက်အလက်မှားယွင်းစွာ ရေးသားဖော်ပြခဲ့ခြင်းအတွက် စာရေးသူ သောင်းဝေဦးက တောင်းပန်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာ ၂ စောင်တွင် ပါရှိပြီးနောက် ၎င်းအနေဖြင့် ကျေအေးပေးရန် ရှိကြောင်း ရခိုင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် (၁၁) မှ ဒေါ်ထုမေက မဇ္စျိမသို့ ပြောသည်။

" ကျွန်မရဲ့ တောင်းဆိုချက်တွေကို မလိုက်လျောဘူး။ အထူးသဖြင့် နိုင်ငံပိုင်မီဒီယာမှာ မတောင်းပန်ဘူး ဆိုလို့ရှိရင် ဥပဒေအရ ဆက်လုပ်သွားဖို့ ကျွန်မ ပြောထားတာ ရှိပါတယ်။ သူ မှားခဲ့တဲ့အမှားအတွက် တောင်းပန်ရမဲ့စာတွေကို သတင်းမီဒီယာကောင်စီကို ပို့ထားပါတယ်။ ကျွန်မ ပို့ထားတဲ့ အချက်အလက်နဲ့ ကိုက်ညီတယ်ဆိုရင် ဒါ အဆင်ပြေပါတယ်။

စာရေးဆရာက တောင်းဆိုထားတဲ့အတိုင်း လိုက်လျောမယ်ဆိုရင် ဒါနဲ့ ပတ်သက်ပြီး ကျေအေးတဲ့သဘောပါပဲ။ စာရေးသူကလည်း သူ ကိုယ်တိုင်မှားတယ်လို့ ဝန်ခံပြီးရင်ကျွန်မ အနေနဲ့ ကျေအေးပေးဖို့ စဉ်းစားထားပါတယ် " ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ဇူလိုင် ၂၀ ရက် နံနက်ပိုင်းက ပြောသည်။

၂၁ ရာစုပင်လုံညီလာခံ၌ ဒေါ်ထုမေနှင့် ဒေါက်တာညိုထွန်းအောင်တို့ အမှတ်တရ ရိုက်ကူးခဲ့သောဓာတ်ပုံကို စာရေးဆရာ သောင်းဝေဦး ရေးသားထားပြီး မြရတနာစာပေမှ ထုတ်ဝေဖြန့်ချိခဲ့သည့် “ရခိုင်ပြည်နယ်အတွင်းမှ AA တို့ တိုက်ခဲ့သော တိုက်ပွဲများနှင့် AA သမိုင်းကြောင်း သိကောင်းစရာများ” စာအုပ်တွင် “ ဒုစစ်ဦးစီးချုပ် ညိုထွန်းအောင်၏ မိန်းမသည် ရခိုင်လွှတ်တော်အမတ် ဖြစ်နေခြင်း” ဟူသော စာနှင့်ပုံကို မမှန်မကန် တွဲရက်ဖော်ပြထားခြင်း ဖြစ်သည်။

ယနေ့ ဇူလိုင် ၂၀ ရက်နေ့ထုတ် ကြေးမုံနှင့်မြန်မာ့အလင်းသတင်းစာတွင် စာရေးသူနှင့် ထုတ်ဝေသူ သောင်းဝေဦးက “ဒေါ်ထုမေ ၏ ဓာတ်ပုံအား ကာယကံရှင်၏ခွင့်ပြုချက် မတောင်းခံဘဲ စီးပွားဖြစ် ထုတ်ဝေဖြန့်ချိရာတွင် မမှန်မကန် အသုံးပြုခဲ့ခြင်းသည် ကျွန်တော်စာရေးသူ၏မှားယွင်းချက် ဖြစ်ပါကြောင်း။ စာမျက်နှာ ၆၄ တွင် ရခိုင်လွှတ်တော်အမတ်ဖြစ်ပေါ်နေခြင်းဟု ဒေါ်ထုမေ၏ ဓာတ်ပုံအား ရည်ညွှန်းကာ အချက်အလက် မှားယွင်းစွာ ရေးသားဖော်ပြခဲ့ခြင်း စသည့်အချက်များအတွက် အနူးအညွှတ် တောင်းပန်အပ်ပါသည်။ဖြန့်ချိခဲ့ပြီး စာအုပ်များတွင် အချက်အလက်များ မှန်ကန်မှုမရှိကြောင်းနှင့် နောက်ထပ်ရိုက်နှိပ်ဖြန့်ဝေခြင်းပြုတော့မည် မဟုတ်ပါကြောင်း ဝန်ခံကတိပြုပါသည်” ဟု တောင်းပန်ခြင်းကြော်ငြာစာ ထည့်သွင်းထားသည်။

ဆက်လက်ပြီး ဒေါ်ထုမေက " ရခိုင်ပြည်နယ်မှာ အစိုးရတပ် နဲ့ AA တပ်နဲ့ ပဋိပက္ခဖြစ်နေတဲ့ကြားထဲမှာ ဒီကိစ္စတွေ ဖြစ်ပေါ်လာတာနဲ့ ဒီစာအုပ်ထုတ်တာနဲ့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်လို့ သုံးနှုန်းတာသည် နိုင်ငံရေးမှာ တိုင်ဆိုင်မှုဆိုတာ ဘယ်တော့မှ မရှိပါဘူး "ဟု ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့က အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အရေးယူပေးပါရန် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ (PC)သို့ ဒေါ်ထုမေက တိုင်ကြားစာ ပေးပို့ခဲ့ပြီးနောက် တစ်လအကြာ ဇူလိုင် ၂၀ ရက်နေ့တွင် တောင်းပန်ကြောင်း ဖော်ပြခဲ့ခြင်း ဖြစ်သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required