အစာခြေစနစ်က ဘယ်လိုအလုပ်လုပ်သလဲ

အစာခြေစနစ်က ဘယ်လိုအလုပ်လုပ်သလဲ

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ယေဘုယျအားဖြင့် အစာမြိုချပြီး ကျေညက်သွားသည်အထိ ၂၄ နာရီမှ ၇၂ နာရီထိကြာအောင် ချေဖျက်ရပါတယ်။ ကြာမြင့်ရန်အချိန်ဟာ စားလိုက်တဲ့ အစားအစာနဲ့ ဘယ်လောက်ပမာဏ စားသုံးတယ်ဆိုတာပေါ် မူတည်သလို ကျား၊ မ၊ ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်၊ အစာချေစနစ်မှာ ပြဿနာရှိမရှိပေါ် မူတည်ပြီး နှေးသွား၊ မြန်သွားနိုင်ပါတယ်။
အစာခြေစနစ်ဆိုတာ ဘာလဲ။

စားလိုက်တဲ့အစားအစာကို ကိုယ်ခန္ဓာက ချေဖျက်ပေးပြီး လိုအပ်တဲ့ အာဟာရဓာတ်တွေကို ခွဲထုတ်ပေးတဲ့ ဖြစ်စဉ်ပါ။ အာဟာရဓာတ်လည်း မရှိ၊ ချေဖျက်ပြီးသား အစာဟောင်းတွေကိုတော့ ဝမ်းအဖြစ် အပြင်ဘက်ကို စွန့်ထုတ်ပါတယ်။
အစာခြေစနစ်မှာ ဘာတွေပါဝင်လဲ။

၁။ ပါးစပ်

၂။ လည်ချောင်း

၃။ အစာအိမ်

၄။ အူ

၅။ အူမကြီး ဆိုပြီး အဆင့် ၅ဆင့်ကို ဖြတ်သန်းရပါတယ်။
အစာခြေစနစ် ဘယ်လိုအလုပ်လုပ်သလဲ။

၁။ အစားအစာကို ဝါးစားလိုက်တဲ့အခါ တံတွေးထဲမှာ ပါဝင်တဲ့ အင်ဇိုင်းတွေဟာ အစားအစာထဲမှာ ပါဝင်နေတဲ့ ကစီဓာတ်တွေကို ချေဖျက်ပေးလို့ အစာဝါးရလွယ်ကူစေပါတယ်။

၂။ ပါးစပ်ကနေ မြိုချလိုက်တဲ့အခါ လည်ချောင်းအတွင်းသို့ လျင်မြန်စွာရောက်ရှိပါတယ်။ အစာမြိုချပြီး ၆နာရီမှ ၈နာရီအတွင်း လည်ချောင်းမှ အစာအိမ်၊ အူ၊ အူမကြီးဆီသို့ အစာတွေက ရွှေ့ပြောင်းသွားလာနေပါပြီ။

၃။ အစာအိမ်အတွင်းမှာ ရှိတဲ့ အက်ဆစ်ဓာတ်တွေဟာလည်း အစားအစာကို ဖြိုခွဲပေးပြီး အက်စစ်ဓာတ်ပါတဲ့ အစာရည်နဲ့ အနည်းငယ်ကျေညက်ပြီးသား အစာတွေကို အူဆီသို့ ပို့ဆောင်ပေးပါတယ်။

၄။ အူအတွင်းသို့ ရောက်တဲ့အခါ ပန်ကရိယအရည်တွေက ကာဗိုဟိုက်ဒြိတ်လို့ ခေါ်တဲ့ ကစီဓာတ်၊ အဆီနဲ့ အသားဓာတ်တွေကို ဖြိုခွဲပေးတယ်။ အဆီဓာတ်တွေကိုတော့ အသည်းထဲမှာရှိတဲ့ သည်းခြေရည်အတွင်း ပျော်ဝင်သွားစေပါတယ်။ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ရေတွေကို အူနံရံမှ သွေးကြောအတွင်း ပို့ဆောင်ပေးပြီး မကျေညက်သေးတဲ့ အစာတွေကိုတော့ အူမကြီးသို့ ပို့ဆောင်ရပါတယ်။

၄။ အူမကြီးအတွင်း ရောက်ရှိတဲ့အခါ အနည်းငယ်ချေဖျက်ထားပြီးသား အစာတွေကို တစ်ရက်ခန့်ကြာအောင် သိမ်းဆည်းထားပြီး ပိုမိုကျေညက်သွားအောင် ချေဖျက်ဖို့ အလုပ်လုပ်ရပါတယ်။ နောက်ဆုံး အကြွင်းအကျန် အာဟာရဓာတ်တွေကိုတော့ အူမကြီးက စုပ်ယူပြီး ကျန်တဲ့ အစာဟောင်းတွေကို ဝမ်းအဖြစ် စွန့်ထုတ်ပါတယ်။

၅။ ပုံမှန်အားဖြင့် အမျိုးသားတွေမှာ ၃၃နာရီ၊ အမျိုးသမီးတွေမှာ ၄၇ နာရီခန့် အူမကြီးအတွင်း အစာသိမ်းဆည်းထားနိုင်ပါတယ်။ အစာချေဖျက်နှုန်းသည် ကိုယ်စားလိုက်တဲ့ အစားအစာပေါ်မှာ မူတည်ပြီးတော့ ပြောင်းလဲသွားနိုင်ပါတယ်။ အသား၊ ငါးတွေစားလိုက်တဲ့အခါ အထဲမှာပါတဲ့ ပရိုတင်းကို စုပ်ယူပြီး အစာကို လုံးဝကျေညက်သွားဖို့ အချိန် ၂ရက်လောက် ကြာတတ်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေလို အမျှင်ဓာတ်များတဲ့ အစားအစာတွေအနေနဲ့ တစ်ရက်ထက်စောပြီး အစာကြေနိုင်ပါတယ်။

၆။ သကြား၊ အချိုဓာတ်များတဲ့ မုန့်တွေကိုတော့ ခန္ဓာကိုယ်က နာရီပိုင်းလေးအတွင်းမှာ ဖြိုခွဲလိုက်ပြီး ထပ်ပြီးအစာစားချင်စိတ်ကို ဖြစ်စေပါတယ်။
အစာခြေစနစ်ကောင်းစွာ အလုပ်လုပ်နိုင်စေဖို့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကတော့

  •     အစိမ်းရောင် ဟင်းသီးဟင်းရွက်ကို များများစားပါ
  •     အချိုများတဲ့ မုန့်ပဲသရေစာတွေအစား အသီးအနှံကိုပဲ စားပေးပါ
  •     အနီရောင်အသားနဲ့ တာရှည်ခံအစားအစာတွေကို လျှော့စားပါ
  •     အကျိုးပြု Probiotics ဘက်တီးရီးယား ပါဝင်တဲ့ အစားအစာတွေ (ဒိန်ချဉ်) ကို စားပေးပါ
  •     ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ
  •     အိပ်ချိန်ပြည့်ဝစွာ အိပ်စက်အနားယူပါ
  •     စိတ်ဖိစီးမှုကို လျှော့ချပါ

လူတစ်ယောက်ရဲ့ အစာခြေစနစ် ကောင်းစွာအလုပ်လုပ်နိုင်မှုသည် သူ့ရဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ အများကြီးသက်ဆိုင်နေပါတယ်။ လူတစ်ယောက် ကျန်းမာဖို့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေ လိုအပ်ပါတယ်။ ဒီအာဟာရဓာတ်တွေကို ကောင်းစွာ စုပ်ယူနိုင်ဖို့ အစာခြေစနစ်က ကောင်းနေဖို့ လိုအပ်တယ်ဆိုတာ မေ့ထားလို့တော့ မဖြစ်ဘူးနော်။ ကိုယ့်ရဲ့ တစ်နေ့တာ ဘာတွေစားသင့်လဲ၊ ဘယ်လိုနေထိုင်ရမလဲဆိုတာ သေချာသတ်မှတ်ထားရင်တော့ အစာခြေစနစ်ဆိုင်ရာ ရောဂါတွေမဖြစ်အောင် ကာကွယ်ပြီးသားဖြစ်မှာပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly