ချယ်လ်ဆီးပရိသတ်တွေအနေနဲ့ လမ်းပတ်အပေါ် (၆)လခန့်သာ သည်းခံစောင့်ကြည့်ပေးပါ - ဒေးဗစ်လုခ်

ချယ်လ်ဆီးပရိသတ်တွေအနေနဲ့ လမ်းပတ်အပေါ် (၆)လခန့်သာ သည်းခံစောင့်ကြည့်ပေးပါ - ဒေးဗစ်လုခ်
Photos: EPA

ချယ်လ်ဆီးနောက်ခံလူ ဒေးဗစ်လုဇ်က ပရိသတ်တွေအနေနဲ့ အောင်မြင်မှုကို တွေ့ရှိဖို့ နည်းပြသစ် လမ်းပတ်အပေါ် (၆)လခန့်သာ သည်းခံစောင့်ကြည့်ပေးဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ချယ်လ်ဆီးဂန္တဝင်ကစားသမား လမ်းပတ်ဟာ ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့သွားတဲ့ နည်းပြ ဆာရီနေရာကို ရာသီပိတ်သိမ်းချိန်အတွင်း အသင်းဟောင်းထံ ပြန်လည်ရောက်ရှိခဲ့သူဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ အပြောင်းအရွှေ့အပိတ်ခံရသလို ဟာဇက်ကိုလည်း ရီးယဲလ်အသင်းထံ လက်လွှတ်ခံရတာကြောင့် လမ်းပတ်နဲ့ ကလပ်အသင်းဟာ အသင်းက အကယ်ဒမီလူငယ်ကစားသမားတွေကိုသာ ယုံကြည်အားကိုးအားထားပြုရတော့မှာဖြစ်ပါတယ်။

ဒါ့အပြင် အသက် (၄၁)နှစ်အရွယ် နည်းပြသစ် လမ်းပတ်ဟာ ဒါဘီအသင်းမှာ တစ်နှစ်ခန့်သာ ရှိတဲ့ နည်းပြ အတွေ့အကြုံရှိထားသူဖြစ်ပြီး သူ့ရဲ့ပထမဆုံး နည်းပြအလုပ်ဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း ချယ်လ်ဆီးအသင်းပရိသတ်တွေအနေနဲ့ လမ်းပတ်ရဲ့ အရေအသွေးကို စောင့်ကြည့်ဖို့ရာ ပထမရာသီဝက်အထိ သည်းခံပေးကြဖို့ လုခ်က အခုလို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

"လက်ရှိအခြေအနေကို လူတိုင်း နားလည်ကြမယ်လို့ ထင်ပါတယ်။ သည်းခံပေးရမယ်ဆိုတာကိုလည်း အားလုံးနားလည်ကြမှာပါ။ ဒါပေမယ့် နောက်ဆုံးမှာ အားလုံးက အနိုင်လိုချင်ကြတာပဲလေ။"လို့ လုဇ်က ပြောပါတယ်။

"ပထမ (၆)လောက်ကိုတော့ သူတို့ သည်းခံပေးသွားကြရမှာပါ။ နောက် (၆)လ (ဘောလုံးရာသီရဲ့)ကျရင်တော့ အသင်းပရိသတ်တွေက ကျနော်တို့ကို အနိုင်ရစေချင်ကြမှာဖြစ်ပါတယ်။"

"ဒီလိုပဲဖြစ်ရမှာပဲလေ။ ကျနော်တို့ကလည်း ဒါကို စဉ်းစားထားပြီး ပရိသတ်တွေ ပျော်ရွှင်အောင် အကောင်းဆုံးလုပ်ဆောင်သွားမှာပါ။"

"ဒီလိုမျိုး ခင်ဗျား မစဉ်းစားထားဘူးဆိုရင် (ဆုဖလားတွေ ရယူဖို့) ချယ်လ်ဆီးအတွက် ခင်ဗျား မကစားပေးနိုင်ပါဘူး။ ရည်မှန်းချက်က အမြင့်ဆုံးမှာ ထားရှိရမှာပါ။

"သူတို့ (တခြားကလပ်အသင်းတွေ)ဟာ ၃၊ ၄ နှစ်ကျော် မန်နေဂျာတွေနဲ့အတူ အလုပ်လုပ်နေပြီး သူတို့မှာ အံ့သြစရာကောင်းတဲ့ လူစာရင်းတွေ ရှိတယ်။ ကစားကွင်းထဲမှာတော့ ကျနော်တို့တစ်တွေရဲ့ အလုပ်တွေကို ပြသဖို့ဆိုတာ ကျနော်တို့အပေါ်မှာ မူတည်ပါတယ်။"

သူက ဆက်ပြီး "ကျနော်တို့ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခု၊ ကလပ်အသင်းရဲ့ ဂန္တဝင်တစ်ယောက်ဖြစ်တဲ့ ဟာဇက်ကို ဆုံးရှုံးလိုက်ရတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျနော်တို့မှာ ကိုယ့်အလုပ်ကို လုပ်နိုင်တဲ့ ကစားသမား အများကြီး ရှိပါတယ်"လို့ ပြောဆိုသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly