အီးယူ၏ ရွေးကောက်ပွဲစောင့်လေ့လာရေးလုပ်ငန်း စတင်ပြီ

အီးယူ၏ ရွေးကောက်ပွဲစောင့်လေ့လာရေးလုပ်ငန်း စတင်ပြီ
အီးယူက ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးနှင့် ပတ်သက်၍ အောက်တိုဘာ ၁၁ရက်က ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအပြီး အီးယူမှ စောင့်ကြည့်လေ့လာသူများအား တွေ့ရစဉ်။ (ဓာတ်ပုံ- ထက်ထက်)
 

ရန်ကုန်၊ အောက်တိုဘာ ၁၁။ ။ ရွေးကောက်ပွဲကို ကာလရှည်စောင့်ကြည့်ရန်အတွက် ဥရောပသမဂ္ဂ(အီးယူ) မှ ရွေးကောက်ပွဲစောင့်ကြည့်သူ အယောက်၃၀အား နေပြည်တော် အပါအဝင် ပြည်နယ်နှင့်တိုင်း ၁၄ခုသို့ ယနေ့ (အောက်တိုဘာ ၁၁ရက်တွင်) စတင်စေလွှတ်လိုက်ပြီဟု အီးယူ၏ သတင်းစာရှင်းလင်းပွဲတွင် အီးယူရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ ဒုတိယလေ့လာမှူးချုပ် မာ့ခ်စတီဗင်ကပြောသည်။

“ဒီနေ့မှာတော့ စောင့်ကြည့်သူအယောက်၃၀က မြန်မာနိုင်ငံအနှံ့က ဒေသ၁၄ခုကို သွားကြမှာဖြစ်ပါတယ်။ သူတို့က ၅ပတ် ဒါမှမဟုတ် ၆ပတ်အထိ စောင့်ကြည့်မှုတွေ လုပ်သွားမှာဖြစ်ပြီး ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်တာတွေ အပါအဝင် မဲဆွယ်စည်းရုံးမှုတွေ၊ မဲပေးတာတွေနဲ့ မဲရေတွက်တာတွေအထိ စောင့်ကြည့်သွားမှာဖြစ်တယ်။” ဟု မာ့ခ်စတီဗင်ကပြောသည်။

ကာလရှည်စောင့်ကြည့်မည့်သူများသည် စတင်စေလွှတ်သည့် အောက်တိုဘာ ၁၁ရက်မှ ရွေးကောက်ပွဲပြီး ၁၀ရက်အကြာအထိ စောင့်ကြည့်မှု လုပ်ငန်းများကို လုပ်ကိုင်သွားမည်ဟု သိရသည်။

“သူတို့တွေ့ရှိသမျှ ရွေးကောက်ပွဲမကျင်းပမီ၊ ရွေးကောက်ပွဲကျင်းပပြီး ကာလတွေမှာ တွေ့ရှိသမျှကို အစီရင်ခံစာတွေ တင်သွားမှာပါ။ ပဏာမတွေ့ရှိချက်ကို ရွေးကောက်ပွဲပြီး ၂ရက်အကြာ အောက်တိုဘာ၁၀ရက်မှာ ထုတ်ပြန်သွားမှာဖြစ်ပါတယ်။” ဟု မာ့ခ်စတီဗင်ကပြောသည်။

လက်ရှိရွေးကောက်ပွဲကြိုကာလတွင် စောင့်ကြည်သူများသည် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်များနှင့် ဆက်သွယ်ကာ ရွေးကောက်ပွဲဆိုင်ရာပြင်ဆင်မှုများ၊ မဲရုံဝန်ထမ်းများအား သင်တန်းပေးခြင်း စသည်တို့ကို လုပ်ဆောင်သွားမည်ဖြစ်သည်။ နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲမဲဆွယ်မှုများတွင် လွတ်လပ်စွာစည်းရုံးခွင့်၊ လှုပ်ရှားခွင့်၊ ထုတ်ဖော်ပြောဆိုနိုင်မှု အခြေအနေများကိုလည်း စောင့်ကြည့်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly