အမေရိကန်တွင် စာအုပ်ထက် သေနတ် ဝယ်ဖို့ ပိုလွယ်ကူနေဟု အိုဘားမားပြော

အမေရိကန်တွင် စာအုပ်ထက် သေနတ် ဝယ်ဖို့ ပိုလွယ်ကူနေဟု အိုဘားမားပြော

အမေရိကန်၏ လက်နက်ဥပဒေကို မနှစ်မြို့ကြောင်း သမ္မတဘားရတ်အိုဘားမား ဖော်ပြလျက် ပြည်သူများအနေဖြင့် စာအုပ်ဝယ်ယူခြင်းထက်ပင် သေနတ်ကို ပိုမိုလွယ်လွယ်ကူကူ ဝယ်ယူနိုင်နေပြီဟု ပြောလိုက်သည်။

လူဆယ်ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့သည့် အောက်တိုဘာ ၁ ရက်က အော်ရီဂွန်ကောလိပ် သေနတ်ပစ်ခတ်မှုမှ ကျန်ရစ်သူမိသားစုများနှင့် တွေ့ဆုံပွဲတွင် အိုဘားမားက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

”ဒီမှာရှိတဲ့ မိသားစုတွေ တစ်ချို့က သူတို့ဘဝရင်းနှီးမြုပ်နှံထားတဲ့ သားသမီးတွေ ၁၈ နှစ်ပြည့်အောင် စောင့်ရှောက်ခဲ့ပြီး ကောလိပ်ရောက်ပါတယ်။ ကောလိပ်တက်တာ ပထမသီတင်းပတ်ပဲရှိပါသေးတယ်။ အမေရိကန်မှာက မြို့တွေမှာ နေ့စဉ်ပစ်ခတ်မှုတွေဖြစ်နေတယ်။ စာအုပ်ထက် သေနတ်က ပိုဝယ်လို့ လွယ်နေတယ်။”ဟု အိုဘားမားက ပြောခဲ့သည်။

အော်ရီဂွန်သို့ သမ္မတအိုဘားမားလာရောက်ခြင်းကို အောက်တိုဘာ ၉ ရက်က သေနတ်ကိုင်ဆောင်မှုထောက်ခံသူအင်အား ၂၀၀ ကျော်က ဆန့်ကျင်ဆန္ဒပြသည်။ အိုဘားမားအား မကြိုဆိုဟုသော ဆိုင်းဘုတ်များဖြင့် ဆန္ဒဖော်ထုတ်ကြခြင်းဖြစ်သည် ။ သမ္မတအိုဘားမားက သေနတ်ကိုင်ဆောင်ခြင်းကို ကန့်သတ်မှုများ ချမှတ်ရန် တောင်းဆိုခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဆန္ဒပြကြခြင်းဖြစ်သည်။
Ref: Press TV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly