တောင်သာ၊ ရသစ်ဒေသခံတွေက NLDကိုယ်စားလှယ်လောင်းတွေကို မြင်းတပ်ဖြင့်ကြို

တောင်သာ၊ ရသစ်ဒေသခံတွေက NLDကိုယ်စားလှယ်လောင်းတွေကို မြင်းတပ်ဖြင့်ကြို

ရန်ကုန်၊ အောက်တိုဘာ ၁၁။ ။ တောင်သာမြို့နယ်အတွင်းမှ ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေး လာရောက်နိုင်ရန်အတွက် မြင်းတပ်ဖြင့် ကြိုဆိုခဲ့ကြသည်ဟု NLD ကိုယ်စားလှယ်လောင်းများထံမှသိရသည်။

"သူတို့ဘယ်လိုစီစဉ်လဲဆိုတာတော့မသိဘူး။ မြင်း အကောင် ၂၀လောက်ပါတဲ့ မြင်းတပ်နဲ့ ပုဂံညောင်ဦး၊ မြင်းခြံလမ်းကနေ၊ ရသစ်ရွာအဝင်အထိ သုံးမိုင်လောက်ကို လာကြိုတာပါ။ ကျွန်တော်တို့ ကိုယ်စားလှယ်တွေကို ရသစ်ကျေးရွာမှာ ရုံးဖွင့်ရင်းနဲ့ မိတ်ဆတ်တဲ့ပွဲလုပ်ရင်း ပြည်သူ့ထံမိတ်ဆက်တာပါ။" ဟု တောင်သာမြို့နယ်၊ ပြည်သူ့လွှတ်တော်မှဝင်ရောက်မည့် NLD အမတ်လောင်း ဦးစစ်အေးကဆိုသည်။

NLD က တောင်သာမြို့နယ်ရသစ်ကျေးရွာပါတီရုံးကို အောက်တိုဘာ ၁၀ရက် နံနက် ၉နာရီတွင်ဖွင့်လှစ်ကာ တောင်သာမြို့နယ်မှ ဝင်ရောက်မည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းလွှတ်တော် အမတ်လောင်းများကို ပြည်သူများထံ မိတ်ဆက်ခြင်းလည်းဖြစ်သည်။

မန္တလေးတိုင်း၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် ၆တွင် တောင်သာနှင့် နွားထိုးကြီးမြို့နယ်တို့ပါဝင်သည်။

"ကျွန်တော်တို့မဲဆန္ဒရှင်တွေအတွက် ဘာလုပ်ပေးမယ်ဆိုတာ တစ်ခုခြင်းရွေးပြီးပြောလု့ိမရပါဘူး။ အဖက်အဖက်မှာ လိုအပ်ချက်တွေရှိနေတယ်။ ဒါကိုကျွန်တော်တို့က ပြည်သူနဲ့ပေါင်းပြီးပဲ ဖြေရှင်းပေးဖို့ စဉ်းစားထားတယ်" ဟု ရသစ်ကျေးရွာပါဝင်သည့် တိုင်းလွှတ်တော်အမှတ် ၂မဲဆန္ဒနယ်၊ အမတ်လောင်း ဦးဝိုင်းချစ်အောင်က ဆိုသည်။

တောင်သာမြို့နယ်သည် ဇူလိုင်လအတွင်းကကွယ်လွန်ခဲ့ပြီး၊ ဒီပဲယင်းအရေးခင်းတွင် ပါဝင်ပက်သက်ခဲ့သူဟု ယူဆထားသူ၊ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအကြံပေး၊ ဗိုလ်ချုပ်မှူးကြီးနှင့် အလွန်ရင်းနှီးကျွမ်းဝင်သူဟု ယူဆထားကြသူ ဦးအောင်သောင်း၏ ဇာတိမြို့လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly