ဗိုလ်ချုပ်ရုပ်ရှင်ကို ၅ လကြာရိုက်ကူးပြီး ၂ဝ၂ဝ နှစ်ဆန်းပိုင်းတွင် ပြီးစီးနိုင်မည်ဟု ခန့်မှန်း

ဗိုလ်ချုပ်ရုပ်ရှင်ကို ၅ လကြာရိုက်ကူးပြီး ၂ဝ၂ဝ နှစ်ဆန်းပိုင်းတွင် ပြီးစီးနိုင်မည်ဟု ခန့်မှန်း
ဓာတ်ပုံ - ဖူးအိအိနွယ်

ဇူလိုင်လ ၁၈၊ ရန်ကုန် ။       ။ အများမျှော်လင့်စောင့်စားနေသော ဗိုလ်ချုပ်ရုပ်ရှင်ကို ၅ လကြာရိုက်ကူးသွားမည်ဖြစ်ပြီး ၂ဝ၂ဝ နှစ်ဆန်းပိုင်းတွင် ပြီးစီးနိုင်မည်ဟု ခန့်မှန်းထားကြောင်း ရုပ်ရှင်၏ ဒါရိုက်တာ လူမင်းက ပြောသည်။ ရုပ်ရှင်ကို ၂ဝ၁၉ ခုနှစ်၊ ၉ လပိုင်းအကုန်လောက်တွင် စတင်ရိုက်ကူးသွားမည်ဖြစ်ပြီး ၂ဝ၂ဝ ခုနှစ်၊ ၁ လပိုင်းအကုန်တွင် ပြီးစီးကာ ရိုက်ကူးချိန် ၅ လခန့်ကြာမည်ဟု ခန့်မှန်းထားခြင်း ဖြစ်သည်။

“ဒီနေ့အစည်းအဝေးရလဒ်ကို ပြောရမယ်ဆိုရင်တော့ အားလုံးလည်း သိချင်မျှော်လင့်နေကြတဲ့ အဖြေလေးတစ်ခုပါပဲ။ ဒီနှစ်စက်တင်ဘာအကုန်မှာ ရိုက်ကူးရေး စတင်ဖို့ ဆွေးနွေးဆုံးဖြတ်ခဲ့ပါတယ်။ အကြမ်းဖျင်းပဲ မှန်းလို့ရဦးမယ်ဗျ။ ပြင်ဆင်တဲ့အပိုင်းက တောက်လျှောက်ပြင်ဆင်နေတုန်းမှာ အဆင်သင့်ဖြစ်တဲ့ အပိုင်းတွေကို ရိုက်ရင်းနဲ့ သွားမှာဆိုတော့ ရိုက်ကူးချိန်ကာလက ကျွန်တော်တို့ ခန့်မှန်းပြီး လိုအပ်တဲ့ပြင်ဆင်မှုတွေ ပြီးတယ်ဆိုရင် ဒီဇန်နဝါရီမှာ အပြီးသတ်ရိုက်ကူးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်” ဟု ၄င်းက ပြောသည်။

 ကြိုတင်ပြင်ဆင်မှုအပိုင်းမှာ ရဝ ရာခိုင်နှုန်း၊ ၅ဝ ရာခိုင်နှုန်းစသဖြင့် အမျိုးမျိုးရှိနေသောကြောင့် ပြီးစီးနေသော အပိုင်းများကို ရိုက်ကူးရင်း မပြီးစီးသေးသော အပိုင်းများကို ပြင်ဆင်ရန် ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း သိရသည်။ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေးကော်မတီ၏ ဒသမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၁၈ ရက်နေ့က ရန်ကုန်မြို့၊ ချင်းချောင်းနန်းတော်တွင် ပြုလုပ်ခဲ့ပြီး ပြောခဲ့ခြင်းဖြစ်သည်။

စိတ်ဝင်စားမှုနှင့် ဝေဖန်မှုများရှိနေသော ဗိုလ်ချုပ်ရုပ်ရှင်ကို အဓိက တာဝန်ယူရိုက်ကူးရမည့် ဒါရိုက်တာဖြစ်သောကြောင့် စိုးရိမ်မှုများလည်းရှိနေကြောင်း လူမင်းက ပြောသည်။

“ဒါရိုက်တာဖြစ်တဲ့အတွက် တာဝန်ခံမှုကတော့ ကျွန်တော်အကြီးဆုံးလို့ ပြောလို့ ရပါတယ်။ စိုးရိမ်မှုကတော့ ရှိပါတယ်။ ဘာလို့ဆိုတော့ ဒီဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို ရုပ်ရှင်ရိုက်ရတယ်ဆိုတာ အင်မတန်ခက်ပါတယ်။ ပြင်ဆင်မှုအပိုင်းတွေ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက နေရာတွေ၊ အောကာင်းအရာ၊ တကယ့်သမိုင်းဖြစ်ရပ်မှန်ကို ရိုက်ရမှာ ဖြစ်လို့ ဖိစီးမှုတွေလည်း တော်တော်များပါတယ်။ ကိုယ်တို့ နိုင်ငံအနေအထားနဲ့ဆိုရင် စိန်ခေါ်မှုတွေ အများကြီးရှိပါတယ်။ ဝေဖန်မှုတွေကလည်း ဆီးကြိုစောင့်နေတယ်ဆိုတာ ကိုယ်တို့အားလုံး သိတဲ့အတွက် စိုးရိမ်မှုကတော့ ရှိတယ်” ဟု လူမင်းက ပြောသည်။

ရုပ်ရှင်ရိုက်ကူးရေးပြုလုပ်မည့်နေရာများမှာ  နတ်မောက်မြို့၊ ရေနံချောင်းနှင့် ရန်ကုန်တို့ပါဝင်ပြီး ဗိုလ်ချုပ်၏ ငယ်ဘဝမှ တက္ကသိုလ်ကျောင်းသားဘဝ စသဖြင့်အစဉ်အတိုင်းရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ကို ၂၀၁၂ ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သော် လည်း ၅ နှစ်တာကာလအတွင်း ရိုက်ကူးနိုင်ခဲ့ခြင်း မရှိသဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက လွှဲပြောင်းရယူခဲ့ခြင်း ဖြစ်သည်။
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly