ဂျပန် အန်နီမေးရှင်း စတူဒီယို မီးရှို့ခံရမှု သေဆုံးသူ ၂၄ ဦးထိ မြင့်တက်

ဂျပန် အန်နီမေးရှင်း စတူဒီယို မီးရှို့ခံရမှု သေဆုံးသူ ၂၄ ဦးထိ မြင့်တက်

ဇူလိုင် ၁၈ ။        ။ ဂျပန်နိုင်ငံ ကျိုတိုမြို့မှာ ဇူလိုင် ၁၈ ရက်က အန်နီမေးရှင်း စတူဒီယို ကုမ္ပဏီတစ်ခု မီးရှို့ခံရမှုအတွင်း သေဆုံးသူ ၂၄ ဦးထက်မနည်း ရှိသွားပြီ ဖြစ်ကြောင်း မီးသတ်ဌာနက ပြောပါတယ်။

ယင်း ကုမ္ပဏီ အဆောက်အအုံမှာ ဖြစ်ခဲ့တဲ့ မီးလောင်မှုကတော့ ရှို့မီးကြောင့် စဖြစ်တယ်လို့ ယူဆပြီး စုံစမ်းစစ်ဆေးနေကြောင်း ရဲက ပြောထားပါတယ်။

ယင်း ကုမ္ပဏီ မီးလောင်မှုအတွင်း သေဆုံးသူဦးရေဟာ နာရီပိုင်းအတွင်း မြင့်တက်လာခဲ့ကြောင်း ရှာဖွေကယ်ဆယ်ရေးလုပ်ခဲ့တဲ့ မီးသတ်ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

မီးလောင်မှုကြောင့် လူ ၃၅ ဦးလောက် မီးလောင်ဒဏ်ရာတွေ ရသွားပြီး၊ ၎င်းတို့အနက် ဆယ်ဦးကတော့ အခြေအနေ စိုးရိမ်ရတယ်လို့ သိရပါတယ်။

ယင်း သုံးထပ်အဆောက်အအုံ မီးလောင်စဉ် လူ ၇၀ လောက် ရှိနေခဲ့တယ်လို့ ယုံကြည်ရပါတယ်။

ပြည်တွင်း မီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ အမျိုးသားတစ်ဦးဟာ ယင်းနေ့ မနက်ပိုင်းက ကျိုတို အန်နီမေးရှင်း ကုမ္ပဏီ စတူဒီယိုကို ဝင်သွားခဲ့ပြီး အမျိုးအမည် မသိ အရည်တစ်မျိုးနဲ့ ပက်ဖျန်းကာ မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

ယင်း သံသယရှိ အမျိုးသားကို ရဲက လောလောဆယ်မှာ ထိန်းသိမ်းထားကြောင်း၊ ဒဏ်ရာတွေ ရသွားလို့ ဆေးရုံမှာ ရှိနေကြောင်း သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly