ဆုကြေးငွေ ကျပ်သိန်း ၇၀၀ ကျော်ချီးမြင့်မယ့် Mobile Legends ပြိုင်ပွဲ

ဆုကြေးငွေ ကျပ်သိန်း ၇၀၀ ကျော်ချီးမြင့်မယ့် Mobile Legends ပြိုင်ပွဲ
ဓာတ်ပုံ - စိုးသူအောင် (မဇ္စျိမ)

ရန်ကုန်၊ ဇူလိုင် ၁၈ ။        ။ Mobile Legends ကုမ္ပဏီကနေ မြန်မာနိုင်ငံမှာတရားဝင်ကျင်းပမယ့် Season 3 ပြိုင်ပွဲမှာ စုစုပေါင်းဆုကြေးငွေ ကန်ဒေါ်လာ ငါးသောင်း၊ မြန်မာကျပ်ငွေအနေနဲ့ ငွေကျပ် သိန်းခုနှစ်ရာငါးဆယ်ကျော် ချီးမြင့်သွားမယ်လို့ သိရပါတယ်။

ဒီပြိုင်ပွဲမှာ ပုံမှန်ချီးမြင့်ပေးမယ့် ဆုပေါင်း ၆ ဆုရှိပြီ တစ်သင်းချင်းစီကို အပတ်စဉ်ကြေးတွေလဲ ပေးသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင်  ရလာတဲ့အမှတ်အပေါ်မူတည်ပြီး ဆုကြေးထပ်ပေးသွားဖို့ ရှိတာကြောင့် ဆုကြေးဟာ စုစုပေါင်း ကန်ဒေါ်လာ ၅ သောင်းဖြစ်သွားရတာလို့ MPL- Season 3 ရဲ့ ထုတ်လုပ်မှုဒါရိုက်တာ ကိုစိုးမိုးအေးက ပြောပါတယ်။

 “ Season 3 ရဲ့ Player တွေကတော့ Season 2 မှာ ထိပ်ဆုံး (၄)သင်းဖြစ်ခဲ့တဲ့ Resolution၊ Burmese Ghouls၊ Maven Esport၊ Team Illusion  (၄) သင်းကတော့ တိုက်ရိုက်ဝင်ခွင့်ရမှာဖြစ်ပါတယ်။ (၈) သင်း ဆိုတဲ့အတွက်ကြောင့် ကျန်တဲ့ (၄) သင်းကတော့ ဝင်ခွင့်ကနေပြီး ထပ်မံရွေးချယ်မှာဖြစ်ပါတယ်။ ဆိုတော့ (၄) သင်းက ဝင်ခွင့်ကနေတက်လာမယ်။ (၄) သင်းက တိုက်ရိုက်ဝင်ခွင့်ရမယ်။ ပေါင်းပြီး (၈) သင်းဆိုပြီး လုပ်သွားမှာပါ “ လို့ သူကဆိုပါတယ်။

Mobile Legends: Bang Bang ရဲ့ Professional League ပြိုင်ပွဲကို မြန်မာနိုင်ငံမှာ ၃ ကြိမ်မြောက် အဖြစ် ကျင်းပတာ ဖြစ်သလို အကောင်းဆုံးပြိုင်ပွဲဝင် (၈) သင်းထဲက တစ်သင်းကို တစ်ကမ္ဘာလုံးအဆင့် Mobile Legends ပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ စရိတ်ငြိမ်းစီစဉ်ပေးသွားမှာလည်း ဖြစ်ပါတယ်။

“ ဒါက Season 3 ပေါ့။ ကျွန်တော်တို့က Season 1 ထဲကစပြီးယှဉ်ပြိုင်ခဲ့တာပါ။ မြန်မာနိုင်ငံကလူတွေနဲ့ တခြားနိုင်ငံကလူတွေ ကွာခြားချက်ကတော့ ရှိတော့ရှိတယ်ဗျ။ သူတို့ကျတော့ ကစားသမား စဖြစ်သွားပြီ ဆိုတာနဲ့ ထောက်ပံ့တဲ့အနောက်က အထောက်အပံ့တွေကနည်းနည်းများတယ်။ ပြီးတော့ Professional ကျကျပိုပြီးတော့ သွားခွင့်ရတယ်ပေါ့။ ကျွန်တော်တို့ မြန်မာနိုင်ငံကျတော့ အားနည်းချက်လေးတွေ ရှိသေး တယ်ပေါ့။ အဲ့အတွက် မြန်မာနိုင်ငံက နည်းနည်းလေးတော့ ပိုပြီးအားနည်းနေသေးတယ်လို့ထင်တယ်” လို့ Burmese Ghouls အဖွဲ့ခေါင်းဆောင်  ဝေယံမြင့် ကပြောပါတယ်။

Season 3 ဝင်ခွင့်ကို သြဂုတ်လ ၁ ရက်နေ့ ကနေ ၄ ရက်နေ့အထိကျင်းပသွားမှာဖြစ်ပြီး ပုံမှန်ပွဲစဉ်တွေကိုတော့ ၂၀၁၉ စက်တင်ဘာလနဲ့ Grand Final နဲ့ ရှုံးထွက်ပွဲတွေကို အောက်တိုဘာလကုန်မှာ ကျင်းပသွားမှာလို့လည်း သိရပါတယ်။ Mobile Legends ဟာ မြန်မာနိုင်ငံရဲ့ လူကြိုက်အများဆုံး မိုဘိုင်းလ်ဂိမ်းတွေထဲမှာ ပါဝင်နေပြီး လစဉ် ကစားသူ ၂ သန်းကျော် ရှိနေတယ်လို့ Moonton ရဲ့eSports မန်နေဂျာဖြစ်သူ Jaydan က ပြောဆို ထားပါတယ်။
ဒီပြိုင်ပွဲကို HUAWEI ၊ Telenor၊ နဲ့ Mobile Legends ကုမ္ပဏီဖြစ်တဲ့ Moonton တို့က ပူးပေါင်းကျင်းပမှာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly