မက္ကဆီကို မူးယစ်ရာဇာ အယ်လ် ချာပို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျ

မက္ကဆီကို မူးယစ်ရာဇာ အယ်လ် ချာပို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျ

ဇူလိုင် ၁၈ ။        ။ တစ်ချိန်က ကမ္ဘာ့ သြဇာအကြီးဆုံး မူးယစ်ဂိုဏ်းခေါင်းဆောင်တစ်ဦးအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မက္ကဆီကို မူးယစ်ဘုရင် အယ်လ် ချာပို ဂုဇ်မန်းကိုတော့ ဇူလိုင် ၁၇ ရက်မှာ အမေရိကန် တရားရုံးတစ်ခုက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်ကြောင်း သိရပါတယ်။

မက္ကဆီကိုမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စီနာလိုအာ မူးယစ်ဂိုဏ်းရဲ့  ဂိုဏ်းခေါင်းဆောင်ဖြစ်ခဲ့တဲ့ အသက် ၆၂ နှစ်အရွယ် အယ်လ် ချာပိုကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ အမေရိကန် ဖယ်ဒရယ် တရားရုံးမှာ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

တန်ချိန် ရာပေါင်းများစွာရှိတဲ့ ကိုကင်းတွေ၊ ဘိန်းဖြူ၊ မက်သာဖက်တမင်နဲ့ ဆေးခြောက်တွေကို အမေရိကန်ထဲ  မှောင်ခိုသွင်းမှု အပါအဝင် စွဲချက်အများအပြားနဲ့ ၎င်းကို စွဲဆိုပြီး ယင်းပြစ်မှုတွေကို ကျူးလွန်ကြောင်း စီရင်ချက်ချမှတ်ခဲ့တာဖြစ်ပါတယ်။

မျှော်လင့်စောင့်စားနေခဲ့တဲ့ ပြစ်ဒဏ်ချမှတ်မှု ရုံးချိန်းကိုတော့ နယူးယော့ခ်မှာ ယမန်နေ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မီးခိုးရောင် ဝတ်စုံ၊ ခရမ်းဖျော့ ရှပ်အကျီ၊ ခရမ်းရောင် နက်ကတိုင်တို့ကို ဝတ်ဆင်ထားတဲ့ အယ်လ် ချာပိုက ပြစ်ဒဏ်စီရင်မှုအပြီး အမေရိကန်မှာ ၎င်းအတွက် တရားမျှတမှု မရှိကြောင်း၊ အမေရိကန်ဟာလည်း ခြစားတဲ့ နိုင်ငံဖြစ်ကြောင်း ပြစ်တင် ပြောကြားသွားခဲ့ပါတယ်။

ယမန်နေ့ ပြစ်ဒဏ်ချမှတ်မှုမှာ အမေရိကန် ဖက်ဒရယ် တရားသူကြီး ဘရိုင်ယန် ကိုဂန်က ၎င်းကို ထောင်ဒဏ်တစ်သက် အပြင် နောက်ထပ် ထောင်ဒဏ် အနှစ် ၃၀ အပိုထပ်ဆောင်းကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းလည်း သိရပါတယ်။ ယင်းအပြင် ဒဏ်ကြေး ဒေါ်လာ ၁၂ ဒသမ ၆ ဘီလီယံ ပေးဆောင်ဖို့ကိုပါ ချမှတ်ခဲ့ကြောင်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly